Home
မြန်မာသတင်း
ကလေးမြို့၌  ပျူစောထီး ၁ ဦး သင်္ကန်းဝတ်နေစဉ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
March 24, 2025

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဘုန်းကြီးကျောင်းဝင်းတခုရဲ့ မန်ကျည်းပင်အောက်မှာ ပျူစောထီးတပ်ဖွဲ့ဝင်တယောက်  သင်္ကန်းဝတ်နေစဉ်  မတ် ၂၁ ရက် ည ၈ နာရီဝန်းကျင်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ် ကျော်ကြီး(ခ)ကိုဇင်ကိုဦးဟာ ကလေးမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာလိုက်ဆွဲနေတဲ့ ပျူစောထီးတပ်ဖွဲ့ထဲမှာ  အဓိကပါဝင်ခဲ့သူတယောက် ဖြစ်ပါတယ်။ သူဟာ မကြာသေးခင်က မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းမှာ သင်္ကန်းဝတ်နေစဉ် သေနတ်နဲ့ ကိုယ့်ပါးစပ်ထဲကို ပစ်ထည့်ကာ အဆုံးစီရင်သွားတာလို့ ကလေးမြို့ခံ တယောက်က  ပြောပါတယ်။

ပျူစောထီးတပ်ဖွဲ့ဝင် ကိုဇင်ကိုဦးရဲ့ ရုပ်အ‌လောင်းကို စစ်ကောင်စီပူးပေါင်းအဖွဲ့က အခင်းဖြစ်ပွားပြီးနောက် ကလေးမြို့ပြည်သူ့‌ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး ညတွင်းချင်း ပြင်သာသုသာန်မှာ သေနတ် ၅ ချက် ဖောက်ကာ အမိန့်ပြန်တမ်းထုတ်ပြီး သင်္ဂြိုဟ်ခဲ့ပါတယ်။

ကိုဇင်ကိုဦး မသေဆုံးမီအချိန်က သူနဲ့လုပ်ဖော်ကိုင်ဖက် ပျူစောထီးတပ်ဖွဲ့ဝင်တယောက်နဲ့  စကားများခဲ့သေးတယ်လို့ သိရပြီး ကိုဇင်ကိုဦးဟာ အဆုံးစီးရင်တာမဟုတ်ဘဲ လုပ်ကြံခံရတာ ဖြစ်နိုင်‌တယ်ဆိုပြီးလည်း သတင်းတွေထွက်တယ်လို့ ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင် တယောက်က ပြောပါတယ်။

စစ်ကောင်စီကတော့ ဘုန်းကြီးကျောင်း အဝင်အထွက်ကို ပိတ်ထားခဲ့ပြီး တော်လှန်ရေး အင်အားစုတွေကြား လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ပြောဆိုနေတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပျူစောထီးတပ်ဖွဲ့ဝင် ကိုဇင်ကိုဦး သေဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန် ပြောဆိုထားတာ မရှိသေးပါဘူး။

ကိုဇင်ကိုဦးဟာ ပျူစောထီးမဖြစ်ခင် အရင်တုန်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်နက်နှင့် ပြည်သူ့အလှူငွေသိန်း ကျပ် ၇၀၀ လောက်ကို ယူသွားပြီး  စစ်ကောင်စီနဲ့ပူပေါင်းကာ ပျူစောထီးလုပ်ခဲ့သူ ဖြစ်တယ်လို့ ကလေးဒေသ ကာကွယ်ရေးတပ်က ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကလည်း ကလေးမြို့ထွက် ဖောင်ကူးစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013