
နေပြည်တော်၊ လယ်ဝေးမြို့အနီးတဝိုက်ကို အခြေပြုပြီး ဧပြီ ၅ ရက် မနေ့ညပိုင်းမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
အစောပိုင်းမှာလည်း အင်အား ရစ်ချ်တာစကေး ၂ ဒသမ ၅ ရှိတဲ့ ငလျင်တကြိမ် လှုပ်ခဲ့ပြီး မိနစ်ပိုင်းအကြာမှာ အင်အားအသင့်အတင့်ရှိ မြေငလျင်ထပ်မံလှုပ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ည ၈ နာရီ ၂၄ မိနစ် ၁၄ စက္ကန့်က လယ်ဝေးမြို့ အရှေ့တောင်ဘက် ၇ မိုင်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၂ ရှိ အင်အားအသင့် မြေငလျင်လှုပ်သွားတာလို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခဲ့ပြီး ၈ ရက်အကြာမှာ အခုလို့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တွေ ထပ်လှုပ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူစုစုပေါင်း ၄၀၀၀ ကျော်ရှိနေပြီး နေပြည်တော်မှာလည်း အပျက်အစီးတွေရော လူအသေအပျောက်ပါ များပြားခဲ့ပါတယ်။