Home
မြန်မာသတင်း
ငလျင်ကြောင့် မြို့နယ် ၆၀ နီးပါးက မြန်မာ့လူဦးရေ ၁၇ သန်းခန့် ထိခိုက်ဟု UNOCHA ခန့်မှန်း
DVB
·
April 5, 2025
OCHA

မတ် ၂၈ ရက်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြောင့်  မြန်မာနိုင်ငံက မြို့နယ် ၃၃၀ မြို့နယ်ရှိတဲ့အထဲ အနက် မြို့နယ် ၆၀ နီးပါးမှာ နေထိုင်ကြတဲ့ လူဦးရေ ၁၇ သန်းခန့် ထိခိုက်မှုရှိမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) မြန်မာက ခန့်မှန်းထုတ်ပြန်ပါတယ်။

“တရားဝင်ရရှိထားသော ကိန်းဂဏာန်းတွေအရ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ၅၀၀၀ နီးပါး ဒဏ်ရာရခဲ့ကာ တနိုင်ငံလုံးမှာ လူပေါင်း ၃၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ မြို့နယ် ၃၃၀ အနက် ၅၇ မြို့နယ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာ့လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့သည်ဟု ခန့်မှန်းရသည်” လို့ UNOCHA ရဲ့  ဧပြီ ၃ ရက် အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ထိခိုက်မှု အပြင်းထန်ဆုံး နေရာဒေသက လူသန်းပေါင်းများစွာဟာ လျှပ်စစ်မီး၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတာ ဒါမှမဟုတ် လုံလောက်မှု မရှိတာတို့ ကြုံတွေ့ကြရပါတယ်။ 

တယ်လီဖုန်းဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်မှုနဲ့အတူ လမ်း၊ တံတားတွေ ပျက်စီးခဲ့ တာကြောင့် ဘေးသင့် ပြည်သူတွေဆီ အရေးကြီးတဲ့ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ပိုမို ခက်ခဲလျက်ရှိနေပါတယ်လို့လည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေကို အားဖြည့်ကူညီပေးရင်း ဘေးအန္တရာယ်ထိခိုက်မှု အပြင်းထန်ဆုံးသူတွေအတွက် လူမှုဘဝရှင်သန်ရေး အကူအညီတွေပေးနိုင်ဖို့ အချိန်ပြည့် လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

ငလျင်ကြောင့် ဧပြီ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅  နာရီအထိ DVB Data Team က ကောက်ယူ စုဆောင်းထားသော စာရင်းတွေအရ စုစုပေါင်း သေဆုံးသူအယောက် ၄,၂၁၀၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၀၅ နဲ့ ပျောက်ဆုံးနေသူ ၄၄၈ ယောက်၊ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက် ရှိကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013