Home
မြန်မာသတင်း
ငလျင်ကြောင့် Golden Country ဟိုတယ်တွင် ၅ ရက်ကြာ ပိတ်မိနေသူကို တရုတ်အဖွဲ့ ကယ်ဆယ်
DVB
·
April 4, 2025
photo:Reuters

တရုတ်ကယ်ဆယ်ရေးအဖွဲ့က မန္တလေးမြို့ Golden Country မှာ နာရီပေါင်း ၁၂၀ ကြာ ပိတ်မိပြီး အသက်ရှင် ကျန်ရစ်သူ တယောက်ကို ဧပြီ ၂ ရက်က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Golden Country ဟိုတယ် အပျက်အစီးတွေအောက်ကနေ ကယ်ဆယ်နိုင်ခဲ့သူဟာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တဲ့ ၉ ယောက်မြောက် အသက်ရှင်ကျန်ရစ်သူ ဖြစ်ပါတယ်။

Golden Country ဟိုတယ် ပြိုကျမှု ကယ်ဆယ်ရေးမှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ပြည်တွင်း မီးသတ်အဖွဲ့က ပူးပေါင်းကာ ရှာဖွေကယ်ဆယ်မှုတွေကို ဗုဒ္ဓဟူးနေ့မနက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆင့်မြင့် ရေဒါရှာဖွေရေးစက်တွေနဲ့ ရှာဖွေခဲ့ချိန်မှာ အုတ်ကျိုးပုံတွေကြားမှာ အသက်ရှင်တဲ့လက္ခဏာ တွေ့ရတာကြောင့် ရှာဖွေခဲ့ရာ အမျိုးသားတယောက်ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Golden Country ဟိုတယ် အဝင်အဝကနေ ၁၀ မီတာလောက်မှာ အသက်ရှင်သူတယောက် ရှိကြောင်း ရှာဖွေရေးစက်တွေမှာ ပြခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ တတိယထပ်ကို ဝင်ရောက်ချိန် အရာဝတ္ထုတခုကို ခေါက်သံ ကြားခဲ့ရပြီး အဲဒီအသံကြားရာအတိုင်း ရှာဖွေမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူဟာ ဒုတိယထပ် အပျက်အစီးတွေအောက်မှာ ရောက်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကြမ်းပြင်ကို ဖောက်ပြီး ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် တီရန်ယန်က “၁၀ စက္ကန့်လောက် တူးဖော်ပြီးတဲ့အချိန် ကျနော်တို့ အသံတသံ ကြားလိုက်ရပါတယ်။ မြန်မာအဖွဲ့ဝင်တွေနဲ့ ကျနော်တို့အဖွဲ့တွေ ပူးပေါင်းပြီး ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ပိတ်မိနေသူကို စကားလှမ်းပြောဖို့ ကြိုးစားခဲ့ပါတယ်။ သူက ကျနော်တို့ကို တုံ့ပြန်ပြောဆိုခဲ့ပြီး သူဟာ ဟိုတယ် ဒုတိယထပ် တံခါးပေါက်ကနေ ၃ မီတာအကွာမှာ ရှိတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့်တကိုယ်လုံး ကြက်သီးမွေးညှင်း ထသွားပါတယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့သူကို လေ့လာတဲ့အခါမှာ အခြေအနေကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။

အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့သူကို ကယ်ဆယ်နိုင်ဖို့ ၁ နာရီခွဲကြာ ကြိုးစားခဲ့ရပါတယ်။

အပျက်အစီးတွေအောက်မှာ နာရီပေါင်း ၁၂၀ ကျော်ကြာ ပိတ်မိနေခဲ့သူဟာ ကိုယ်အပူချိန် ကျဆင်းတဲ့ဒဏ်ကို ခံနေရတာ တွေ့ရပါတယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ပန်ဇာဟူကလည်း “သူ့ကို ဆရာဝန်က ပြင်ဆင်ပေးတဲ့ ဓာတ်ဆားရေ တိုက်ခဲ့တာကို သူ အနည်းငယ် သောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အခြေအနေကို လေ့လာတဲ့အခါ သူရဲ့ပုံစံက ကောင်းပါတယ်။ လူနာထမ်းစင်ပေါ်မှာ သေချာတင်ပြီး ကျနော်တို့ အဆောက်အဦထဲကနေ ကယ်ထုတ်ခဲ့ရပါတယ်” လို့ ပြောပါတယ်။

၁၉ လက်မလောက် အပေါက်ကလေးကို ချဲ့ရင်းကနေ ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

၃ နာရီကြာ မနားတမ်း ကြိုးစားပြီးတဲ့နောက် တရုတ်ကယ်ဆယ်ရေးအဖွဲ့ဟာ အသက် ၅၂ နှစ်အရွယ် အမျိုးသားတယောက်ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

၅ ရက်ကျော်ကြာ အဆောက်အအုံအပျက်အစီးတွေကြားမှာ ပိတ်မိခဲ့တဲ့ အဲဒီအမျိုးသားဟာ ဒဏ်ရာကင်းစင်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ကောင်းမွန်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမီးသတ်အဖွဲ့က မန္တလေးမြို့ Golden Country ဟိုတယ် အဆောက်အအုံမှာ ပိတ်မိနေသူတွေအနက် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သူဟာ ဦးဆန်းလွင် ဖြစ်ပြီး ဟွာဝေးကုမ္ပဏီမှာ ယာဉ်မောင်းအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013