Home
ဆောင်းပါး
မတ် ၂၈ ငလျင် အလွန် အက်ကြောင်းကြီး ဘာကြောင့်ဖြစ်လာသလဲ
DVB
·
April 4, 2025

မတ် ၂၈ ရက် မြန်မာပြည်အလယ်ပိုင်း မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်ကြီးအလွန်မှာ ဖြစ်ပေါ်လာတဲ့ အက်ကြောင်းကြီးနဲ့ မြေရွေ့သွားတဲ့ အခြေအနေအကြောင်း ဂြိုဟ်တုဓာတ်ပုံတွေ၊ ကနဦး သုတေသနစာတမ်းတွေကို အခြေပြု တင်ဆက်သွားမှာ ဖြစ်ပါတယ်။

Copernicus Sentinel-2 ဂြိုဟ်တုက ရိုက်ထားတဲ့ ဒီပုံရိပ်က မန္တလေးမြို့အနီး၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် စစ်ကိုင်းမြို့ မြေပြင်မှာ သိသာတဲ့ တောင်-မြောက် အက်ကြောင်းရွေ့သွားပုံကို ဖော်ပြပါတယ်။ ဒီပုံဟာ ဥရောပ အာကာသအေဂျင်စီကနေ တင်ထားတဲ့ပုံဖြစ်ပြီးတော့ မတ်လ ၂၅ ရက်နေ့နဲ့ ၃၀ ရက်နေ့ အခြေအနေကို ယှဉ်ပြထားတာဖြစ်ပါတယ်။

အဲဒီထက်ရှင်းတာကတော့ မြေပြင်ဓာတ်ပုံတွေ ဖြစ်ပါတယ်။ မူရင်း တင်သူထံကနေ ခွင့်ပြုချက်ယူပြီးတော့ ဖော်ပြတာဖြစ်ပါတယ်။ အခုလိုအသုံးပြုခွင့်ပေးတဲ့အတွက် DVB အနေနဲ့ အထူးကျေးဇူးတင်ပါတယ်။

စစ်ကိုင်းဗုဒ္ဓပြတိုက်နားက မြေပြင်ရွေ့သားပုံ

ကမ်းနားလမ်း တံတားဟောင်းနား မြေပြင်ရွေ့သွားပုံ

အဲဒီအက်ကြောင်းကြီး ဘာဖြစ်လို့ဖြစ်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ ကမ္ဘာထိပ်တန်း သိပ္ပံသုတေသနစာစောင်ဖြစ်တဲ့ Nature Journal မှာ ဖော်ပြထားတဲ့ သုတေသနဆောင်းပါးကို ကိုးကားပြီးတော့ ဆက်လက်တင်ဆက်မှာ ဖြစ်ပါတယ်။

အဲဒီ သတင်းဆောင်းပါးမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဟာ supershear လို့ခေါ်တဲ့ ရှားပါးအမျိုးအစား ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ rupture (အက်ကွဲမှုရဲ့) စွမ်းအင်ဟာ မြေကြီးထဲကို အလွန်မြန်ဆန်စွာ ဖြတ်သန်းသွားပြီးတော့ ပျက်စီးမှုကို ချဲ့ပေးလိုက်သလို ပိုမိုဆိုးရွားစေတဲ့ ငလျင်မျိုး ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဂြိုဟ်တုဓာတ်ပုံပညာရှင် Nathan Ruser စုစည်းထားတဲ့ အက်ကွဲမှု ပုံရိပ်တွေ တချက် ပြပေးပါမယ်။ မန္တလေးတိုင်း သာစည်က ဂြိုဟ်တုဓာတ်ပုံတွေကို အရင်ဆုံးပြပေးပါမယ်။

ဒီလိုကွဲအက်မှုဟာ ‘အသံထက်မြန်တဲ့လေယာဉ်နဲ့ တူညီတဲ့ငလျင်’ ပဲလို့ ဂျာမနီနိုင်ငံ၊ GFZ Helmholtz Centre for Geosciences က ငလျင်ပညာရှင် Frederik Tilmann က သုံးသပ်ထားပါတယ်။ ကနဦး ဆန်းစစ်ချက်ပဲဖြစ်ပေမဲ့ သုတေသနအဖွဲ့အများစုက ဒီလို supershear ငလျင်ဖြစ်နိုင်တယ်လို့ တညီတညွတ်တည်း သုံးသပ်ထားပါတယ်။

နေပြည်တော် လေဆိပ်နားက ဂြိုဟ်တုဓာတ်ပုံတွေ ဖြစ်ပြီး တာပေါင်နဲ့ လူသွားလမ်းလို့ ယူဆရပါတယ်။ အဲဒီမှာလည်း ရွေ့သွားတာကို အထင်အရှား မြင်နိုင်ပါတယ်။

Supershear ငလျင်သာ မှန်တယ်ဆိုရင် ဒီငလျင်အတွင်းမှာ မြန်မာနိုင်ငံအလယ်တည့်တည့်ကနေ တောင်-မြောက် ဆင်းသွားတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၄၀၀ နဲ့ အက်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

အပေါ် ဘယ်ဘက်ကပုံကတော့ နေပြည်တော် လေတပ်စခန်းနားက စစ်တန်းလျားတခု ဖြစ်ပြီး ညာဘက်ကပုံကတော့ အက်သွားတဲ့ လမ်းကြောင်းကို အနီရောင်နဲ့ ပြသထားတာ ဖြစ်ပါတယ်။

supershear ငလျင်တွေမှာ မြေကြီးကွဲအက်မှုဟာ သူထုတ်လွှတ်တဲ့ ငလျင်လှိုင်းတွေထက် ပိုမြန်ပါတယ်။ အဲဒီအကျိုးသက်ရောက်မှုက ကွဲအက်မှုရဲ့ ရှေ့ဘက်မှာ ငလျင်စွမ်းအင်ကို စုစည်းစေပြီး သာမန်ငလျင်တခုထက် ပိုဝေးတဲ့အကွာအဝေးမှာ ပိုကြီးတဲ့ပျက်စီးမှုကို ဖြစ်စေနိုင်တယ်။ ဥပမာအားဖြင့် ဘန်ကောက်ဆိုရင် ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ၁,၀၀၀ လောက် အကွာမှာရှိပေမဲ့ ၃၃ ထပ် အဆောက်အအုံကြီး ပြိုကျမှုတွေ အပါအဝင် ပျက်စီးမှုတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ မိုးလေဝသနှင့် ဇလဗေဒဌာန (DMH) ဆီကို အချက်အလက်တွေ ပေးပို့တဲ့ ငလျင်တိုင်းကိရိယာတွေ အရင်ကထက် နည်းသွားပြီလို့ Nature ဂျာနယ်က ဖော်ပြပါတယ်။

ဥပမာအနေနဲ့ ပြီးခဲ့တဲ့နှစ်က စင်ကာပူက Earth Observatory of Singapore (EOS) ဟာ မြန်မာနိုင်ငံမှာ ထားရှိတဲ့ သူတို့ရဲ့ ငလျင်စောင့်ကြည့်ကွန်ရက်ရဲ့ သုံးပုံနှစ်ပုံကို ရုပ်သိမ်းခဲ့ပါတယ်။ ‘အာဏာသိမ်းမှု၊ ကပ်ရောဂါနဲ့ နောက်ဆက်တွဲ ထောက်ပံ့ပို့ဆောင်ရေး ပြဿနာတွေကြောင့်’ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ စခန်း ၁၀ ခုကို DMH ကို လှူဒါန်းထားခဲ့ပါတယ်။

အမေရိကန် ဘူမိတိုင်းတာရေး (USGS) နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဆင့်မြှင့်တင်ထားတဲ့ မြန်မာနိုင်ငံက ငလျင်စခန်း နှစ်ခုလောက်ကတော့ ငလျင်လှုပ်ချိန်မှာ တိုင်းတာချက်တွေ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီငလျင်ကြောင့် စစ်ကိုင်းပြတ်ရွေ့ရဲ့ ဘေးနှစ်ဖက်  ဘေးတိုက်ရွေ့လျားမှုဟာ  ၆ ဒသမ ၅ မီတာအထိ ရှိနိုင်တယ်လို့ ကော်နဲလ်တက္ကသိုလ်က ငလျင်ပညာရှင် ဂျူးဒစ်ဟူးဘာ့ဒ်က ခန့်မှန်းထားပါတယ်။ ဒါဟာ မြင်ဖူးသမျှ ဘေးတိုက်ရွေ့လျားတဲ့ strike-slip ငလျင်တွေထဲမှာ အကြီးဆုံးလို့လည်း သုံးသပ်ထားပါတယ်။

ဟူးဘာဒ် သုံးသပ်တာကတော့  အမြန်နှုန်းက ထူးခြားပြီးတော့ ကွဲအက်မှုတခုလုံးဟာ စက္ကန့် ၉၀ လောက်အတွင်း ဖြစ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြတ်ရွေ့ရဲ့ အပိုင်းတခုဟာ မန္တလေးရဲ့ မြောက်ဘက်ကို ကွဲထွက်ပြီး ဒုတိယအပိုင်းတခုကတော့ တောင်ဘက်ကို ကွဲထွက်ခဲ့ပါတယ်။ ငလျင်ရဲ့ စွမ်းအင် မြေကြီးထဲ ဘယ်လိုဖြတ်သန်းသွားသလဲဆိုတာ လေ့လာမှုအရ ဒီတောင်ဘက်ကို ရွေ့လျားတဲ့ ကွဲအက်မှုဟာ အသံထက်မြန်တယ်လို့ သုံးသပ်ထားပါတယ်။

DVB Data Team က စုစည်းပေးထားတဲ့ အချက်အလက်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ၊ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို အခြေခံတင်ပြတာ ဖြစ်ပါတယ်။ မတ်လ ၂၈ ငလျင်ကြီးနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို  DVB ရဲ့ Website, Facebook နဲ့ Youtube Channel တွေမှာ အချိန်နဲ့တပြေးညီ ဆက်လက်ဖော်ပြပေးနေပါတယ်။

စိုင်းခေတ်နွေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013