Home
မြန်မာသတင်း
မြန်မာငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ
DVB
·
April 4, 2025
photo: Chinese Embassy in Myanmar

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်သံရုံးရဲ့ အတည်ပြုချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၄ ရက် မနက် ၁၁ နာရီ ထိရထားတဲ့စာရင်းဖြစ်ပြီး ဘယ်နေရာမှာ သေဆုံးခဲ့တာလဲဆိုတာနဲ့ ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်ကိုတော့ သတင်းမှာဖော်ပြခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က မန္တလေးနဲ့၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူတွေထောင်နဲ့ချီ သေဆုံးခဲ့တာမှာ   တရုတ်နိုင်ငံသားတွေလည်း ပါဝင်သွားတာဖြစ်ပါတယ်။

အိမ်နီးချင်းတရုတ်နိုင်ငံဟာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ငွေအား၊ လူအားနဲ့ အကူအညီပစ္စည်းတွေပါ လေကြောင်းကရော ကုန်းလမ်းကပါ အင်တိုက်အားတိုက် ပေးပို့ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်ကြက်ခြေနီအဖွဲ့က ငလျင်ဘေးကယ်ဆယ်ကူညီရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ယာဉ်တန်း ဧပြီ ၁ ရက် ညက  နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနားမှာ  စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တားဆီးခံရလို့ ပြန်လှည့်သွားခဲ့ရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun ကတော့ မြန်မာနိုင်ငံမှာ ငလျင်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ အရေးပေါ်တုံ့ပြန်မှုယန္တရားကို စတင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံသို့ပံ့ပိုးပေးခဲ့တဲ့ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းတွေ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဖြစ်ကာ မန္တလေးဘေးဒဏ်သင့်ဒေသသို့ ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့  ပစ္စည်းတွေအားလုံး ဘေးကင်းလုံခြုံစွာရှိပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လုံခြုံရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ရေးလမ်းကြောင်း အဆင်ပြေချောမွေ့မှုအတွက် ခိုင်မာတဲ့ အာမခံမှုရှိစေဖို့ မြန်မာနိုင်ငံဘက်အသီးသီးအား အလေးအနက် တိုက်တွန်းကြောင်းနဲ့ ၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရှိ ဘေးဒဏ်သင့်ဒေသတွေကို မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးသွားဖို့ ဆန္ဒရှိပါကြောင်းလည်းပြောပါတယ်။

အဆိုပါငလျင်ကြောင့် လူပေါင်း ၃၁၄၅ ယောက်သေဆုံး၊ ၄၅၈၉ ယောက်ဒဏ်ရာရကာ ၂၂၁ ယောက် ပျောက်ဆုံး တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။  ဧပြီ ၃ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရတော့ သေဆုံးသူ  စုစုပေါင်း ၃,၉၀၁ ယောက်၊   ဒဏ်ရာရသူ ၅,၉၇၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၁၉ ယောက်နဲ့ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013