Home
မြန်မာသတင်း
မြန်မာနှင့် ထိုင်း ငလျင်ဘေးအတွက်  ဂျပန် ဂျေလိဂ် ဘောလုံးပွဲတွင် စာနာကြောင်းပြသ
ဇော်ဇော်လှိုင်
·
April 3, 2025

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဧပြီ ၃ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့  ဂျေလိဂ် ဘောလုံးပြိုင်ပွဲ   စီရီဇိုအိုဆာကာအသင်းနဲ့  အိုကာယာမအသင်းတို့ရဲ့ ပွဲစဉ်မှာ   စီရီဇိုအိုဆာကာအသင်း ကစားသမားတွေက မြန်မာနဲ့ ထိုင်း ငလျင်ဒဏ်သင့်သူတွေကို စာနာကြောင်းပြသတဲ့အနေနဲ့  “BE STRONG THAILAND & MYANMAR” ဆိုတဲ့ စာသားပါတီရှပ် ၀တ်ဆင်ခဲ့ကြပါတယ်။

ပွဲအပြီးမှာ နာမည်ကြီး ဂျပန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ရှင်ဂျီ ခါဂါဝါက ဒါဟာ သေးငယ်ပေမဲ့ စီရီဇိုအသင်းအတွက်တင်မဟုတ်ဘဲ  ဂျေလိဂ်တခုလုံးအတွက်ပါလို့ ပြောကြားခဲ့ပါတယ်။

“မြန်မာနဲ့ ထိုင်းမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ထိခိုက်နစ်နာခဲ့သူတွေ၊ မိသားစုတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို အလေးအနက်ထားပြီး ဝမ်းနည်းကြောင်း၊ သူ့အနေနဲ့ သဘာဝဘေးသင့်ဒေသတွေရဲ့ ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရကြောင်း၊ ၂၀၁၁ ခု အရှေ့ဂျပန်ငလျင်ကြီးအတွင်း ဂျပန်ကို တခြားနိုင်ငံတွေက ပံ့ပိုးပေးခဲ့တာကို မိမိသိရှိခဲ့ကြောင်းနဲ့ အခု ဂျပန်မှာလည်း ဘောလုံးကနေတဆင့် စာနာကြောင်းနဲ့ စည်းလုံးညီညွတ်မှုကို ပြသရမှာပါ၊ ကျနော်တို့ တတ်နိုင်သလောက်တော့ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

စီရီဇိုအိုဆာကာအသင်းဟာ ဧပြီလလယ်ပိုင်းကစပြီး သူတို့ဘောလုံးအသ​င်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို အမှတ်တရ လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ် ခံရသူတွေအတွက် ရန်ပုံငွေအဖြစ် ရောင်းချဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲဒီနေ့က ပွဲစဉ်မှာ  စီရီဇိုအိုဆာကာအသင်းက အိုကာယာမအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013