Home
မြန်မာသတင်း
မြန်မာငလျင်အတွက် အမေရိကန်ပေးမည့် အကူအညီ အင်အားကြီးနိုင်ငံများတွင် အနည်းဆုံးဖြစ်
DVB
·
April 3, 2025
photo:Reuters

မြန်မာ့ငလျင်ဘေးကို ကူညီဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်း ကူညီဖို့ ပြောဆိုထားပြီး ကူညီမယ့် ပမာဏဟာ အင်အားကြီးနိုင်ငံတွေအကြားမှာ အနည်းဆုံးဖြစ်နေပါတယ်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဘေးအတွက် နိုင်ငံတကာက အကူအညီတွေပေးဖို့ ပြင်ဆင်နေကြတာပါ။

ငလျင်ဖြစ်ပြီး နောက်ရက်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံကို ကူညီမယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ဒေါ်လာ ၂ သန်း ကူညီဖို့ လျာထားကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ထရမ့်ပ်အစိုးရက နိုင်ငံတကာကို လူသားစာနာအကူအညီတွေ ပေးနေတဲ့ USAID လုပ်ငန်းတွေကို ပြန်စိစစ်တာ၊ လုပ်ငန်းယာယီရပ်ဆိုင်းထားတာတွေကြောင့် မြန်မာနိုင်ငံမှာ အရေးပေါ်ငလျင်ဘေး ဖြစ်တဲ့အခါ ချက်ချင်းမကူညီနိုင်ဘဲ​ ကြန့်ကြာမှု ဖြစ်ခဲ့ပါတယ်။

USAID ကျွမ်းကျင်သူတချို့ကို စေလွှတ်ခဲ့ပေမဲ့ အဲဒါဟာ မြေပြင်အခြေအနေကို လေ့လာဖို့ ပထမအဆင့် စေလွှတ်မှုသာ ဖြစ်ခဲ့ပါတယ်။

Los Angeles Myanmar Movement အဖွဲ့မှ ဂျိမ်း(စ်)ရွှေက “ဒေါ်လာ ၂ သန်း ပေးမယ်ဆိုပြီးတော့ ပြောထားတာ၊ အမေရိကန်က တိုင်းပြည်အနေအထားနဲ့ကြည့်ရင် သူတို့ အနည်းဆုံးလိုဖြစ်နေတာ။ အမေရိကန်က ၂ သန်းဗျာ၊ ဩစတြေးလျက ၅ သန်းထင်တယ်။ ဥရောပနိုင်ငံတွေက ယူရို ၁၀ သန်းဆိုရင် ဒေါ်လာ ၁၂ သန်း၊ ၁၃ သန်းလောက် ရှိမှာပေါ့ဗျာ။ တရုတ်က ဒေါ်လာ ၁၃ သန်းပေးပြီးပြီဆိုတော့ အမေရိကန်က အနည်းဆုံး၊ နောက် လူလွှတ်တာလည်း အနည်းဆုံး၊ နောက် ဒီက ခရစ်ယာန်သာသနာပြုတွေက သူတို့က တစစီဖြုတ်လာပြီးတော့ ယာယီဆေးရုံဆောက်လို့ရတဲ့ ပစ္စည်းတွေ တင်ပြီးတော့ မြန်မာပြည်သွားကြတာပဲဗျ။ အဲဒါကို လက်ခံ၏၊ လက်မခံ၏၊ အလုပ်ဖြစ်၏၊ မဖြစ်၏က ဘာသတင်းမှ မထွက်လာသေးဘူး။ အိန္ဒိယကတော့ သူတို့စစ်တပ်တွေအတွက်သုံးတဲ့ စစ်ဆေးရုံတွေ အဲဒါတွေဆောက်ပြီးတော့ ကူညီနေပြီလို့တော့ ပြောတယ်ဗျ။ ခါတိုင်းဆိုလို့ရှိရင် ငလျင်လှုပ်ပြီးပြီဆိုလို့ရှိရင် ၂ နာရီအတွင်းမှာ ရောက်တယ်လို့ တူရကီတို့ ဘာတို့မှာ ဖြစ်တုန်းက ကျနော်ဖတ်ရတယ်၊ ကြားရတယ်ပေါ့။ အခုတော့ ဒီလောက်ကြာနေပြီ၊ ဘာသတင်းမှ မကြားရသေးဘူး။ USAID ကလူတွေ ဘာလုပ်နေပြီဆိုတာ ကျနော်တို့ မကြားရသေးဘူး။ လူသိရှင်ကြားမပြောတော့ အကုန်လုံးက အားမရဘူးပေါ့ဗျာ” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ ၁ ရက်နေ့အထိ ၅ ရက်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၁ ယောက်အထိ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာကလာမယ့် အကူအညီတွေကို ပိုပြီးကြန့်ကြာမှု ဖြစ်စေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြင်းခြံခရိုင်တပ်ရင်း-၉ မှ ဗိုလ်ဇီးရိုးက “US က ကူညီတာကတော့ စစ်ကောင်စီနဲ့ ပတ်သက်နေသမျှ သူတို့လက်ထဲကနေဆိုရင်တော့ ပြည်သူ့လက်ထဲရောက်ဖို့က နည်းမှာပါပဲ။ ပြည်သူကို ပြန်ဒုက္ခပေးဖို့အထဲပဲ ဒီကောင်တွေ ပြန်အသုံးပြုဖို့ များမှာပဲ။ လူသားစာနာအကူအညီလာပေးတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ အနေနဲ့လည်း မြေပြင်မှာ ကိုယ်တိုင်ဆင်းပြီးမပေးဘဲ ရော့ကွာ မင်းတို့ကို ငါကူညီတယ် ဆိုပြီးတော့ ဒီကောင့်လက်ထဲ ထည့်လိုက်ရင်တော့ ဒီပုံစံပဲ သွားမှာပေါ့နော်၊ အဲဒါကတော့ သိပ်အဆင်မပြေလောက်ဘူးလို့ ကျနော်တို့ထင်တယ်ပေ့ါနော်” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေမှာ အဓိက ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူများခဲ့တာပါ။

စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲက လူတွေကို ကူညီနိုင်ဖို့အရေးဟာ အကူအညီပေးတဲ့နိုင်ငံတွေ အနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုမလုပ်ဘဲ ကူညီဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

လတ်တလော မြေပြင်မှာ အရေးပေါ်အကူအညီ လိုအပ်နေသူတွေကို ပြည်တွင်းက ပရဟိတအဖွဲ့တွေကပဲ တတ်စွမ်းသလောက် ကူညီနေရတာဖြစ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “တတ်စွမ်းသရွေ့ ကူညီရမယ့်တာဝန် ရှိတဲ့အတွက် ကျနော်တို့ လက်လှမ်းမီတဲ့နေရာတွေမှာ ကူညီနိုင်သလောက် ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကျနော်တို့ ဆောင်ရွက်လို့ရနိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အကူအညီ အထောက်အပံ့တွေ ရရှိအောင် ဆောင်ရွက်သွားမယ်၊ လက်တွေ့လည်း ဆောင်ရွက်နေပါတယ် ဆိုတာကိုပြောကြားလိုပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာအကူအညီတွေ ဝင်ရောက်မှု သွက်လက်မြန်ဆန်မှု မရှိတာဟာ ပြည်တွင်းပဋိပက္ခတွေနဲ့ သက်ဆိုင်ပြီး ပြည်သူတွေဆီကို အကူအညီ လက်ဝယ်ရောက်ရေးအတွက် အကူအညီပေးတဲ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေက နည်းလမ်းရှာဖွေနေရတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

လတ်တလော ငလျင်ဘေးပြဿနာမှာ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကို နှစ်ဖက်မျှပြီး ဆက်ဆံတဲ့ မူဝါဒကို နိုင်ငံတကာအဖွဲ့အစည်းတွေက အသုံးပြု ချဉ်းကပ်နေတာ တွေ့ရပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013