Home
မြန်မာသတင်း
ကုလ အရေးပေါ်ကယ်ဆယ်ရေး အရာရှိနှင့် အထူးကိုယ်စားလှယ်တို့ မြန်မာပြည်သွားမည်
DVB
·
April 4, 2025

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ် ဖလက်ချာဟာ ဧပြီ ၄ ရက် ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာဖို့ရှိပြီး အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်ဟာလည်း မြန်မာပြည်သွားဖို့ရှိတယ်လို့  ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ 

ဒါဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မြန်မာငလျင်ဘေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရန်ပုံငွေနဲ့ နိုင်ငံတွင်း အကူအညီတွေ မြန်မြန်ဆန်ဆန်ရရှိရေး တောင်းဆိုထားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်ဟာလည်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ကတိကဝတ်တွေ အ တွက် လာမယ့်ရက်တွေအတွင်း  မြန်မာကို သွားရောက်ဖို့ရှိနေတယ်လို့လည်း မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

“မုတ်သုံရာသီနဲ့ နီးကပ်လာချိန်မှာပဲ ငလျင်က ဒုက္ခတွေကို ပိုအားဖြည့်ပေးတယ်။ ဒီဝမ်း နည်းစရာကောင်းတဲ့ အခိုက်အတန့်ကို မြန်မာပြည်သူပြည်သားတွေအတွက် အခွင့်အလမ်းအဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှုတိုင်းအတွက် ပန်ကြားပါတယ်။”

အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီကနေ့ မြန်မာနိုင်ငံဟာ အပျက်အစီးနဲ့ စိတ်ပျက်အားငယ်ဖွယ်ရာ မြင်ကွင်းတခု ဖြစ်နေပြီး သေဆုံးသူ အရေအတွက်ဟာ ၃,၀၀၀ ကနေ ဆက်တက်နေပြီးတော့ ထောင်နဲ့ချီ ဒဏ်ရာရရှိသူတွေနဲ့ အတော်များများကလည်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေကြတယ်လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် ဒီအကျပ်အတည်းရဲ့ အတိုင်းအတာနဲ့ ကိုက်ညီတဲ့ အလွန်လိုအပ်ချက်များနေတဲ့ ရန်ပုံငွေတွေကို ချက်ချင်း မြှင့်တင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပါကြောင်းနဲ့ နိုင်ငံတဝန်း အလိုအပ်ဆုံးသူတွေကို လက်လှမ်းမီဖို့ အမြန်၊ ဘေးကင်းပြီး၊ ရေရှည်တည်တံ့ပြီး အတားအဆီးမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရောက်ရှိမှုအတွက် တောင်းဆိုပါတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။

ဒီကပ်ဘေးကြောင့် နိုင်ငံတဝန်းက ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပိုပြီးနက်နဲတဲ့ ဆင်းရဲဒုက္ခ အခက်အခဲတွေ ပေါ်လွင်လာရတယ် လို့လည်း ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃,၉၀၁ ယောက်၊   ဒဏ်ရာရသူ ၅,၉၇၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၁၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၃ ယောက်ရှိပြီလို့  ဧပြီ ၃ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB မှ လက်လှမ်းမီသလောက်ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲအခြေအနေဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

ငလျင်ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ် တခုအတွင်း အပြင်းထန်ဆုံး ငလျင်တခုဖြစ်ပြီး လူ ၂၈ သန်းနေထိုင်ရာ ဒေသကို လှုပ်ခတ်ခဲ့တာကြောင့် ဆေးရုံတွေ၊ လူနေရပ်ကွက်တွေ ပြိုလဲကာ အများအပြားမှာ စားနပ်ရိက္ခာ၊ ရေနဲ့ အမိုးအကာတွေ ပြတ်တောက်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013