Home
မြန်မာသတင်း
USAID ကျွမ်းကျင်သူအဖွဲ့  ငလျင်ဘေးကူညီရန်မြန်မာနိုင်ငံသို့ လာရောက်နေ
DVB
·
April 1, 2025
Photo : Reuters

အမေရိကန်နိုင်ငံက စေလွှတ်လိုက်တဲ့ USAID အကူအညီပေးရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်နေပြီလို့ နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က မတ် ၃၁ ရက်မှာ အတည်ပြုပါတယ်။

ဘန်ကောက်၊ မနီလာနဲ့ ဝါရှင်တန် အခြေစိုက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အမေရိကန် ကျွမ်းကျင်သူတွေက အခြေအနေကိုစောင့်ကြည့်ရင်း အလိုအပ်ဆုံးဖြစ်နေတဲ့အရာတွေကို အတည်ပြုပေးမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တမ်မီဘရုစ်က “သီတင်းပတ်ကုန်မှာ ကြေညာခဲ့တဲ့အတိုင်း အမေရိကန်နိုင်ငံဟာ ဒေါ်လာ ၂ သန်း အထိ ထောက်ပံ့ပေးဖို့ရှိပြီး မတ် ၂၈ ရက်နေ့ ငလျင်ဒဏ်သင့်ဒေသတွေကို အရေးပေါ်ကူညီဖို့အတွက် မြန်မာအခြေစိုက် လူသားချင်းစာနာမှုအဖွဲ့တွေကနေတဆင့် ထောက်ပံ့ပေးသွားမှာပါ” လို့ ပြောပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် DVB ရဲ့ နောက်ဆုံးရ သတင်းအရ သေဆုံးသူ ၃,၆၀၀ ကျော်ရှိနေပြီး အဆောက်အအုံတွေများစွာ ပျက်စီးခဲ့ရကာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေမှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။

အခုလိုမျိုး လူထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ၃ ရက်ကြာမှ စစ်ကောင်စီဟာ မတ်လ ၃၁ ရက်ကနေ ဧပြီလ ၆ ရက်နေ့ကို နိုင်ငံတော်အဆင့် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် ကြေညာခဲ့ပါတယ်။

ဒီကနေ့ ဧပြီ ၁ ရက်နေ့ ငလျင်စတင်လှုပ်ခတ်ရာ အချိန်အတိအကျဖြစ်တဲ့ နေ့လယ် ၁၂ နာရီ၊ ၅၁ မိနစ်မှာ ဥဩဆွဲ ခဏတာငြိမ်သက်မယ့် အစီအစဉ် ပြုလုပ်ခဲ့ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာလည်း ငလျင်ကြောင့် လူ ၂၀ ကျော် သေဆုံးထားပြီး ဘန်ကောက်မြို့က အဆောက်အအုံတချို့ပါ အက်ကြောင်းထနေတဲ့အတွက် နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပါတယ်။

ဒါ့အပြင် ငလျင်လှုပ်အပြီး ပထမဆုံး ၇၂ နာရီက အသက်ရှင်ကျန်ရစ်နေသူတွေကို ကယ်တင်ဖို့အတွက် “ရွှေရောင်အချိန်” (Golden Hour) ဆိုပြီး သတ်မှတ်ထားကြပါတယ်။

အဲဒီကာလ ကျော်သွားရင် ရေမရှိဘဲ အသက်ရှင်နိုင်မယ့် အခွင့်အလမ်း နည်းလာပေမဲ့ လက်ရှိအချိန်အထိ အပျက်အစီးပုံအောက်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ထုတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှုအပြီး ၄ နှစ်ကျော်ကာလမှာ မြန်မာနိုင်ငံက “ဆိုးရွားနေပြီးသား အကျပ်အတည်း” ကို ငလျင်ကြောင့် ပိုဆိုးလာစေခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013