Home
မြန်မာသတင်း
ပိတ်မိနေဆဲ မြန်မာလုပ်သားများကို ကယ်ထုတ်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆို
DVB
·
March 31, 2025
Photo: Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦအောက် ပိတ်မိနေဆဲ မြန်မာအလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့အတွက် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကို  WAG အလုပ်သမားအဖွဲ့က ဦးဆောင်သူ ကိုမုန်တိုင်းက တောင်းဆိုခဲ့ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဘန်ကောက်မြို့က နိုင်ငံတော်စာရင်းစစ် ဆောက်လက်စ အထပ်မြင့် အဆောက်အအုံနေရာကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မတ် ၃၁ ရက်က ဒီနေ့ လာရောက်စစ်ဆေးစဉ်မှာ အခုလိုမျိုးအကူအညီ တောင်းခံခဲ့တာပါ။

အဲဒီနောက် ကိုမုန်တိုင်းက ဝန်ကြီးချုပ်နားကို ချဉ်းကပ်ပြီး ရှာဖွေကယ်ဆယ်မှုတွေ ဆက်လုပ်ပေးဖို့အတွက်ပါ ပြောသွားပါတယ်။

အဲဒီနောက် ဖဲ့ထောင်ထန်းက" လူတိုင်းကို အားပေးနေသလို အားလုံးကလည်း အစွမ်းကုန် ကူညီပေးနေ ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားအတွက်ပဲဖြစ်ဖြစ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်" ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

အဲဒီအလုပ်သမားခေါင်းဆောင် ဒူးထောက်ရင်း ငိုကြွေးနေစဉ်မှာပဲ ဝန်ကြီးချုပ်က ပခုံးကိုကိုင်ပြီး "အချင်းချင်းအတွက် အားတင်းထားကြပါ" လို့ ထပ်ပြောသွားပါတယ်။

မတ်လ ၂၈ ရက် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ဘန်ကောက်မြို့က ဆောက်လက်စ အထပ်မြင့်တိုက်ပြီး ပြိုကျသွားတာဖြစ်ပြီး အပျက်အစီးပုံထဲက မြန်မာအပါအဝင် ဆောက်လုပ်ရေးလုပ်သား ၇၆ ယောက်ကို  ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေရဆဲပဲ ဖြစ်ပါတယ်။ 

ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေဆီကနေ ရုပ်အလောင်းတွေကို ဆွဲထုတ်ရာမှာ မတ် ၃၀ ရက် ညနေ ၃ နာရီမှာ သေဆုံးသူ ၁၈ ယောက်အထိ တိုးမြင့်လာခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက မိုးသည်းသည်းထန်ထန် ရွာနေတဲ့ကြားက အသက်ရှင် ကျန်ရစ်သူတွေကိုရှာဖို့ အချိန်နဲ့တပြေးညီ ပြေးလွှားခဲ့တယ်လို့ အခင်းဖြစ်ရာနေရာက တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူ ၁၈ ယောက်ထဲက  ၁၁ ယောက်ဟာ ပြိုကျနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာက ဖြစ်ပြီး ၇ ယောက်ကတော့ မြို့တော်ရဲ့ တခြားအစိတ်အပိုင်းတွေကဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။ ဒီနေရာကို အမေရိကန်စစ်တပ်က အဖွဲ့တဖွဲ့လည်း ရောက်လာခဲ့ပါတယ်။

ငလျင်လှုပ်အပြီး ပထမဆုံး ၇၂ နာရီက အသက်ရှင်ကျန်ရစ်နေသူတွေကို ကယ်တင်ဖို့ အတွက်  "ရွှေရောင်အချိန်" (Golden Hour) အဖြစ် သတ်မှတ်ထားကြပါတယ်။

အဲဒီကာလကျော်သွားရင် ရေမရှိဘဲအသက်ရှင်နိုင်မယ့် အခွင့်အလမ်းနည်းလာပေမဲ့ လက်ရှိအချိန်အထိ အပျက်အစီးပုံအောက်ထဲက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်ထုတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013