Home
မြန်မာသတင်း
စစ်ကောင်စီကို BIMSTEC ညီလာခံ တက်ခွင့်ပြုသည့်အပေါ် အပြင်းအထန် ရှုတ်ချ
DVB
·
April 3, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့တွေ ကျင်းပမယ့် BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ထိုင်းနဲ့ BIMSTEC အဖွဲ့တို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တခုဖြစ်တဲ့ Justice for Myanmar က ဧပြီ ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးအနေနဲ့ ကြောက်မက်ရွံရှာဖွယ် နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှု ခေါင်းဆောင် စစ်ရာဇဝတ်ကောင်တယောက်ကို ကြိုဆိုလိုက်ခြင်းက အဖွဲ့ရဲ့ ပုံရိပ်ကို ညိုးနွမ်းသွားစေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ဟာ ရိုဟင်ဂျာများအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးမှာ စုံစမ်းစစ်ဆေးခြင်း ခံနေရတဲ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ များစွာကိုလည်း ချမှတ်ခံထားရသူဖြစ်ပြီး အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတခုမှာ မင်းအောင်လှိုင်ကို ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍအတွက် မကြာသေးမီက ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

BIMSTEC ထိပ်သီးညီလာခံဟာ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ကို နိုင်ငံတကာရာဇ၀တ်မှုများ ထပ်မံကျူးလွန်နိုင်ဖို့အတွက် တရား၀င်မှုပေးကာ ရဲဆေးတင်ပေးလိုက်ခြင်းသာဖြစ်လိမ့်မယ်လို့ ရေးသားထားပြီး BIMSTEC အနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို ရပ်တန့်ပြီး ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပါလို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

စစ်ကောင်စီ BIMSTEC ညီလာခံ တက်ရောက်ခွင့်ပြုတဲ့အပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာထား ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013