Home
မြန်မာသတင်း
ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်မည်ဆိုပါက အကြောင်းကြားရမည်ဟု စစ်ကောင်စီထုတ်ပြန်
DVB
·
April 3, 2025

အင်အားပြင်းမြေငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် စစ်ကောင်စီရဲ့ သက်ဆိုင်ရာသံရုံး၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားပြီးမှ လုပ်ဆောင်ရမှာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဧပြီ ၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပါဝင်ဆောင်ရွက်လိုတဲ့ ဘယ်အဖွဲ့အစည်းမဆို လုပ်ထုံးလုပ်နည်းတွေအတိုင်း အကြောင်းကြား သတင်းပို့လာပါက အမြဲတမ်း လက်ကမ်းကြိုဆို သွားမယ်၊ လက်ရှိကြုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်ကို အစိုးရ၊ ပြည်သူ၊ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံတကာကူညီမှုတွေနဲ့ ပူးပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အခုလို ထုတ်ပြန်နေပေမဲ့ မြေပြင်မှာတော့ ငလျင်ကယ်ဆယ်ရေးအဖွဲ့တွေကို တားဆီးတာ နှောင့်ယှက်တာ၊  ကယ်ဆယ်ရေးအဖွဲ့တွေရဲ့  ရန်ပုံငွေရရာနေရာတွေက အသေးစိတ် စိစစ်မေးမြန်းနေလို့  အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြံ့ကြာနေပါတယ်။

ဧပြီ ၁ ရက် ည ၉ နာရီကျော်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနားမှာ ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းယာဉ်တန်း ရပ်မပေးတာကြောင့် စစ်ကောင်စီတပ်က မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်တားဆီးခဲ့ပါတယ်။

အခုလိုလုပ်ရတာက တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက စစ်ကောင်စီရဲ့ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေကို ဆက်သွယ်အကြောင်းကြားထားတာမရှိဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူတွေထောင်ချီသေဆုံးပြီး အပျက်အစီးများခဲ့တဲ့ ငလျင်ဘေး ကူညီကယ်ဆယ်ရေး အတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီနေကြတာဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံက လေယာဉ် ၅၃ စီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁,၅၁၉ ယောက် ရောက်ရှိနေပြီး ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၃၅၄ တန်ကျော် နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော် ရောက်ရှိနေတယ်လို့လည်း စစ်ကောင်စီ ပြောကြားချက်အရ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013