Home
နိုင်ငံတကာ
အမေရိကန်အိမ်ဖြူတော်က ၁၈၅ နိုင်ငံအတွက် စည်းကြပ်ခွန်ဇယား ထုတ်ပြန်
DVB
·
April 3, 2025
Photo: Reuters

အမေရိကန်အိမ်ဖြူတော်ဟာ ကမ္ဘာတဝန်းရှိ နိုင်ငံနဲ့ နယ်မြေပေါင်း ၁၈၅ ခုမှာ ကောက်ခံမယ့် စည်းကြပ်ခွန်တွေကို ဖော်ပြရာမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အသုံးပြုတဲ့ ဇယားပုံတွေကို ဧပြီ ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီဇယားကွက်တွေဟာ ဧပြီ ၂ ရက်မှာ တခြားနိုင်ငံတွေက အမေရိကန် ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်ခွန်တွေနဲ့ ကိုက်ညီအောင် သမ္မတ ထရမ့်ပ်က အပြန်အလှန် အခွန်စည်းကြပ်မှုတွေကို ပြသထားပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် အတိုက်အခံတွေကြားမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ “အပြန်အလှန် အခွန်စည်းကြပ်ခြင်း” လို့ခေါ်တဲ့ အမိန့် ၂ ခုကို ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး “အနည်းဆုံး အခြေခံအကောက်ခွန်” ၁၀ ရာခိုင်နှုန်းနဲ့ တချို့ကုန်သွယ်ဘက်တွေအပေါ် မြင့်မားတဲ့ နှုန်းထားတွေကို ချမှတ်လိုက်တာပါ။

အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်မှာ မိန့်ခွန်းပြောချိန် ထရမ့်ပ်က သွင်းကုန်အားလုံးအပေါ် အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မှာဖြစ်ပြီး တရုတ်အပေါ် ၃၄ ရာခိုင်နှုန်းနဲ့ ဥရောပသမဂ္ဂမှာ ၂၀ ရာခိုင်နှုန်း အပါအဝင် နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်တချို့အပေါ် ပိုမြင့်မားတဲ့ အခွန်အခတွေကို ပြသထားတဲ့ ဇယားကို ကိုင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းက အတည်ပြုထားတဲ့ မော်တော်ကားနဲ့ မော်တော်ယာဥ် အစိတ်အပိုင်းတွေအတွက် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ဟာ ကြာသပတေးနေ့မှာ အသက်ဝင်မှာဖြစ်ပါတယ်။

“အပြန်အလှန်” စည်းကြပ်ခွန်တွေဟာ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် တင်ရှိထားတဲ့ အခွန်တွေနဲ့ တခြားအခွန်မကောက်ခံတဲ့ အတားအဆီးတွေကို တုံ့ပြန်မှုဖြစ်ပြီး အခွန်စည်းကြပ်မှုကြောင့် အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ ကုန်ထုတ်လုပ်မှု စွမ်းရည်ကို ပြန်လည်ရရှိလိမ့်မယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံ အများအပြားဟာ ထရမ့်ပ်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း အရင်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး တန်ပြန်အရေးယူမှုတွေ ပြုလုပ်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

စည်းကြပ်ခွန်တွေအကြောင်း စတင်ကြေညာခဲ့ချိန်ကတည်းက အမေရိကန် စတော့ရှယ်ယာ အနာဂတ် အလားအလာတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ဝင်လာတဲ့အခွန်အခတွေဟာ ကမ္ဘာ့စီးပွားရေး၊ ငွေကြေးဖောင်းပွမှုနဲ့ ကော်ပိုရိတ်ဝင်ငွေတွေကို ဘယ်လိုသက်ရောက်မှု ရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူတွေ ခန့်မှန်းထားတဲ့အတိုင်း ရက်သတ္တပတ်တွေအတွင်း မတည်ငြိမ်တဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလကတည်းက ဒေါ်လာ ၅ ထရီလီယံနီးပါး တန်ဖိုးရှိ အမေရိကန် စတော့ရှယ်ယာတွေ ပျက်သွားပါတယ်။

ထရမ့်ပ်ရဲ့လုပ်ဆောင်ချက်ကြောင့် ပြီးခဲ့တဲ့ ရာစုနှစ်လယ်ကတည်းက စတင်ခဲ့တဲ့ ကုန်သွယ်မှုအစီအစဉ်တွေအပေါ် မှီခိုအားထားရတဲ့ ဘဏ္ဍာရေးစျေးကွက်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013