Home
နိုင်ငံတကာ
ကားနှင့် ကားပစ္စည်း တင်သွင်းမှုအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ကြေညာ
DVB
·
March 27, 2025
Photo: REUTERS/Chalinee Thirasupa

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲ ပိုကျယ်ပြန့်လာစေမယ့် ရွှေ့ကွက်တခုအဖြစ် အမေရိကန်နိုင်ငံတွင်းကို တင်သွင်းတဲ့ ကားနဲ့ ကားပစ္စည်းတွေအပေါ်  ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာလိုက်ပါတယ်။

နောက်ဆုံးချမှတ်လိုက်တဲ့ စည်းကြပ်ခွန်တွေဟာ ဧပြီ ၂ ရက်မှာ စတင်သက်ဝင်လာမှာဖြစ်ပြီး ယာဉ်တွေတင်သွင်းတဲ့ လုပ်ငန်းတွေအပေါ် နောက်တရက်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ကားပစ္စည်းတွေအပေါ် ကောက်ခံမှုကတော့ မေလ ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ သက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအခွန်ကြောင့် အမေရိကန်ကားလုပ်ငန်း အကြီးအကျယ် တိုးတက်လာမှာဖြစ်သလို အမေရိကန်မှာ အလုပ်အကိုင်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာမှာဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလုပ်ရပ်ကြောင့် အမေရိကန်မှာ ကားထုတ်လုပ်ရေး ယာယီရပ်သွားနိုင်သလို စျေးတွေတက်လာနိုင်ပြီး မဟာမိတ်တွေနဲ့ ဆက်ဆံရေးပါ ထိခိုက်လာမယ်လို့ သုံးသပ်ထားပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ်က ကား ၈ သန်းဝန်းကျင် တင်သွင်းခဲ့ပြီး ကုန်သွယ်မှု ဒေါ်လာ ၂၄၀ ဘီလီယံအထိ ရှိခဲ့သလို အရပ်ရပ်ရောင်းအားရဲ့ ထက်ဝက်နီးပါး ရှိခဲ့ပါတယ်။

မက္ကဆီကိုဟာ အမေရိကန်ကို အဓိက ကားတင်သွင်းတဲ့နိုင်ငံဖြစ်ပြီး တောင်ကိုရီးယား၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီတို့က နောက်မှာ အစဉ်လိုက် ရပ်တည်ပါတယ်။

အမေရိကန်ကားကုမ္ပဏီ အများအပြားဟာ မက္ကဆီကိုနဲ့ ကနေဒါမှာ ထုတ်လုပ်နေကြတာဖြစ်ပြီး ၃ နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်တွေအရ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အခုအမိန့်ဟာ ထုတ်လုပ်ပြီးကားတွေအပေါ်မှာသာ မကဘဲ ပြည်ပကနေ အစိတ်အပိုင်း တင်သွင်းပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေအပေါ်မှာပါ သက်ရောက်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကနေဒါနဲ့ မက္ကဆီကိုက ကားအစိတ်အပိုင်းတချို့ကတော့ အမေရိကန်အကောက်ခွန်ဌာနက စိစစ်တဲ့ စနစ်တွေ မတပ်ဆင်ရသေးမီအထိ ကင်းလွတ်ခွင့်ရနေဦးမှာ ဖြစ်ပါတယ်။

ဒီအမိန့်ထုတ်အပြီးမှာ General Motors ကားကုမ္ပဏီ ရှယ်ယာစျေး ၃ ရာခိုင်နှုန်းနီးပါး ကျသွားပါတယ်။

အခုအမိန့်ကို ပြန်ပြင်ဖို့ရှိသေးလား ဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “ဒါ အမြဲတမ်းအတည်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ကားထုတ်မယ်ဆိုရင် စည်းကြပ်ခွန်ရှိမှာ မဟုတ်ဘူး” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013