
ဒေါ်နယ်ထရမ့်ပ်ရဲ့ ချွေးမဟောင်း ဗန်နက်ဆာထရမ့်ပ်နဲ့ တွဲနေတယ်လို့ ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်က ကြေညာခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ ဗန်နက်ဆာဟာ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာနဲ့ ၁၃ နှစ်ကြာ လက်တွဲခဲ့သူ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်မှာ ကလေး ၅ ယောက်ရှိပြီး ၂၀၁၈ ခုနှစ်ကမှ ပြတ်စဲခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဝုဒ်က သူနဲ့ ဗန်နက်ဆာတို့ နှစ်ယောက်တွဲပုံတွေ လူမှုကွန်ရက်မှာ တင်ခဲ့ပြီး “အချစ်တွေနဲ့ ထုံမွှမ်းနေပါတယ်။ ဘဝက ဘေးမှာ မင်းရှိတော့မှ ပိုကောင်းလာတယ်။ ဘဝရဲ့ ခရီးရှည်ကို အတူတကွ လျှောက်လှမ်းဖို့ မျှော်လင့်ထားပါတယ်” လို့ ရေးထားခဲ့ပါတယ်။
ဘယ်လိုဖြစ်လို့ အခုမှ ထပြီး လူသိရှင်ကြား ကြေညာသလဲဆိုတာ မသိရပေမဲ့ သူတို့တွဲနေတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်း အတင်းအဖျင်းမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဝုဒ်ဟာ ဂေါ့ဖ်ကစားနည်းနဲ့ အဓိကချန်ပီယံဆုကြီး ၁၅ ခုအထိ ရခဲ့ပြီး ကမ္ဘာ့နံပါတ်တစ်အဖြစ် ကာလရှည် ရပ်တည်ခဲ့သလို ကမ္ဘာ့အကျော်ကြားဆုံး အားကစားသမားတွေထဲက တယောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု အများအပြားနဲ့ လိင်ကိစ္စအရှုပ်တော်ပုံတွေကြောင့် ပုံရိပ်ထိခိုက်ခဲ့ရအပြီးမှာ အားကစားသမားဘဝ အောင်မြင်မှုတွေပါ ထိခိုက်သွားခဲ့ပါတယ်။
လိင်ကိစ္စ စွဲလမ်းမှုအတွက် ကုသမှုပါ ခံယူခဲ့ရပြီး ပထမအိမ်ထောင်နဲ့ ၆ နှစ်ကြာ မိသားစုဘဝကိုပါ အဆုံးသတ်ခဲ့ရသူ ဖြစ်ပါတယ်။
တိုက်ဂါးဝုဒ်ဟာ ပထမအိမ်ထောင်နဲ့ ကလေး ၂ ယောက် ရခဲ့ပြီး ဝုဒ်ရဲ့ ကလေးတွေနဲ့ ဗန်နက်ဆာရဲ့ ကလေးတွေဟာ တကျောင်းတည်း အတူတက်ကြတာလို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
Source : Reuters