Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင် 
DVB
·
April 2, 2025
photo: U Win Naing

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဧပြီ ၄ ရက် ညနေပိုင်း လေဖိအားနည်းရပ်ဝန်းတခု အစပျိုးလာနိုင်တယ်လို့ မိုးလေဝသပညာရှင်  ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

ဧပြီ ၉ ရက်အထိ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်းဖြစ်နိုင်ခြေဟာ ၄၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ဦးဝင်းနိုင်က “ပြီးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတွေဟာ မိုးကြိုကာလထဲမှာ ဖြစ်တာများပါတယ်။ ဧပြီ ၁၆ ရက် ကျော်သည်အထိ မုန်တိုင်းကြီးများ ဖြစ်လာရန် မရှိနိုင်သေးပါ။ ဧပြီ ၁၆ ရက်ကျမှ မိုးကြိုကာလထဲကို ရောက်ပါမယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ပင်လယ်ပြင်မှာ ထူးခြားတဲ့ မိုးလေဝသအခြေအနေ မရှိသေးဘဲ နောက်လာမယ့် ၄ ရက်အတွင်း ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တို့မှာ မိုးနည်းနည်းပဲ ရွာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ယခုတပတ် ၄၊ ၅၊ ၆ ရက်တွေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်၀န်း တကြိမ် ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

ဒေသအလိုက် နေ့အပူချိန်တွေတိုးလာလို့ မွန်းလွဲ/ညနေပိုင်း အချိန်တွေမှာ လေပြင်းတိုက်ခတ်၊ မိုးတိမ်တောင်ကြီးတွေဖြစ်၊ နေရာကွက် မိုးကြီးခြင်း၊ မိုးသီးတွေကြွေ၊ လျှပ်စီးလက်၊ မိုးကြိုးပစ် စတဲ့ ဘေးအန္တရာယ်တွေဖြစ်နိုင်လို့ ပိုမိုဂရုပြုကြဖို့ သတိပေးထားပါတယ်။

စစ်ကောင်စီ မိုးလေဝသဌာနကတော့ နွေကာလမှာ နေ့အပူချိန်များလာလို့ အပူပျံတက်တိမ်တွေကြောင့် မွန်းလွဲနဲ့ ညနေတို့မှာ မိုးတိမ်တောင်တွေဖြစ်နိုင်ပြီး ရွေ့လျားရာ လမ်းတလျှောက်မှာ လေပြင်းတိုက်တာ၊ မိုးရွာတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ စတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လေပြင်းတိုက်မယ်ဆိုရင်တော့ ၁ နာရီကို မိုင် ၅၀ အထိ ပြင်းထန်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင် အကြိမ်ရေ ၂၆၆ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဦးဝင်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ နောက်ဆက်တွဲငလျင် ၅၆ ကြိမ် လှုပ်ခတ်ပြီးပြီလို့ ဧပြီ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်လာပြီး ဒီမနက်အစောပိုင်းကနေ ၁၀ နာရီအထိမှာတော့ ၃ ကြိမ် လှုပ်ခတ်ထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013