ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး ထူးခြား မိုးလေဝသအခြေအနေကြောင့် မြန်မာနိုင်ငံအတွင်း မိုးများနိုင်ကာ ကမ်းရိုးတန်းဒေသမှာ သတိထားဖို့လိုသလို စိုက်ဆင်းလေပြင်းကိုလည်း သတိထားဖို့ လိုတယ်လို့ မိုးလေဝသပညာရှင်က သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ အထက်အမြင့်လေပွေလှိုင်းက အောက်တိုဘာ ၅ ရက်က စတင်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီဖြစ်တယ်လို့ မိုးလေဝသဌာနတွေက ကြေညာထားပါတယ်၊ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအတွင်း တချို့ဒေသတွေမှာ မိုးများနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း ပြောပါတယ်။
“ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ ပဲခူးတိုင်းအရှေ့မြောက်ပိုင်း တောင်ငူမြိုအထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသပေါ့နော်၊ နောက် နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ မန္တလေးမြို့အောက်ဘက် အဲဒီဒေသတွေမှာ နေရာကွက်ကျားပေါ့။ မိုးအသင့်အတင့်ကနေ မိုးများနိုင်ကြောင့် ကျနော် ခန့်မှန်းထားပါတယ်။ ရခိုင်ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်မှ ၉ ရက်အထိ လေတိုက်နှုန်းတွေ မြင့်မယ်။ နောက်ပြီး လှိုင်းကြီးမယ်၊ တခုလုံးခြုံပြီးပြောမယ်ဆိုရင်တော့ အဲဒီနေရာက ရေလုပ်သားတွေ အခုချိန်မှာ ကမ်းကိုပြန်ဝင်တာ အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုချင်ပါတယ်။”
နိုဝင်ဘာလကုန်ပိုင်းအထိကို မိုးကို သတိထားစောင့်ကြည့်ဖို့ကိုလည်း ဆက်ပြောပါတယ်။ ရခိုင်ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာ နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၈ မိုင်ကနေ ၃၇ မိုင် အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၆ ပေ ကနေ ၇ ပေအထိရှိကာ လှိုင်းကြီးနိုင်ကာ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးကမ်းဝေး ပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်ကနေ ၈ ရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀ က မိုင် ၃၀ ကျော်အထိ တိုက်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ ကနေ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရပါတယ်၊
ဒါ့အပြင် မိုးကုန်ကာနီး မိုးမရွာခင်ကာလမှာ မိုးတိမ်တောင်ကြောင့် စိုစွတ်ချိန်မှာ ဖြစ်လာတဲ့ စိုက်ဆင်းလေပြင်း တွေကိုလည်း သတိထားကြဖို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
“Thunder storm ၊ မိုးတိမ်တောင်တွေ ဖြစ်လာတဲ့အနေအထားမျိုးရှိတဲ့ ဒေသ ဘယ်လိုနေရာမှာမဆို စိုက်ဆင်းလေပြင်း ဖြစ်နိုင်ပါတယ်၊ ညဘက်မှောင်နေတဲ့အခါမှာတော့ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ ဒါတွေက ကိုယ်နဲ့ နီးရာကို လာနေသလား၊ ဝေးရာကို ရွေ့နေသလား ဆိုတာကိုတော့ သတိထားပြီး ကြည့်ရမှာပေါ့။ မိုးစက်တွေ မြေပြင်ကို ထိသွားပြီ၊ ဟိုးအပေါ်မှာ မိုးတွေရွာနေပြီဆိုရင်တော့ စိုက်ဆင်းလေပြင်းက မဖြစ်နိုင်တော့ဘူး။ ဖြစ်နိုင်တာက မရွာခင်ကလေးမှာ ဖြစ်တယ်။”
စိုက်ဆင်းလေပြင်းက ခြောက်သွေ့စိုက်ဆင်းလေပြင်းနဲ့ စိုစွတ်စိုက်ဆင်းလေပြင်းဆိုပြီး နှစ်ခုရှိတဲ့အတွက် ပူပြင်းခြောက်သွေ့တဲ့ အညာဒေသလို နေရာတွေမှာလည်း စိုက်ဆင်းလေပြင်းကို သတိထားဖို့ လိုပါတယ်၊ စိုက်ဆင်းလေပြင်းက လေဆင်နှာမောင်းလို့ လေပွေနဲ့လာတာမဟုတ်ဘဲ လေအမျှင်တန်းတွေနဲ့ လာတာဖြစ်လို့ မျက်လုံးနဲ့ မမြင်နိုင်လို့ ကြိုတင်မသိရပေမဲ့ လေပြင်း တိုက်ခတ်နှုန်းက တစ်နာရီ မိုင် ၁၀၀ ကျော်ဖြစ်နိုင်တဲ့အတွက် နေအိမ် အဆောက်အအုံနဲ့ သစ်ပင်တွေ လဲပြိုတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေတွေ့ဆုံမှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ လေထုမငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်းတယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။
နိုဝင်ဘာ ၆ ရက်ကနေ ၈ ရက်အတွင်း ပြည်နယ်နဲ့တိုင်းတချို့မှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက် မိုးကြီးတာနဲ့ အတူ လေပြင်းတိုက်ခတ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ ပြည်တွင်းရေကြောင်း လေကြောင်းပျံသန်းရေး ကြိုတင်သတိပြုဖို့ သတိပေးနှိုးဆော်ထားပါတယ်။
ဝေဝေ