
ငလျင်ဒဏ်သင့် မြန်မာနိုင်ငံကို ကူညီဖို့ ဖိလစ်ပိုင်နိုင်ငံက ပထမအကြိမ် ကယ်ဆယ်ရေး အဖွဲ့တဖွဲ့ စေလွှတ်ခဲ့တဲ့အကြောင်း Philippine Daily Inquirer သတင်းမှာ ဧပြီ ၁ ရက်က ဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် ၉၁ ဦးထဲက ပထမအသုတ်အနေနဲ့ ၅၈ ယောက်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာ Villamor လေတပ်စခန်းက C-130 လေယာဉ် ၂ စင်းနဲ့ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ကျန် ၃၃ ယောက်ကိုတော့ ဧပြီ ၂ ရက်မှာ ထပ်မံ ပို့ဆောင်ဖို့ စီစဉ်ထားကြောင်း ဖိလစ်ပိုင်လေတပ် (PAF) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်လေတပ် ဒုတိယဗိုလ်မှူးကြီး အာဝင် အက်စ်ဒစ်ပလိုမာ ဦးဆောင်တဲ့ မြန်မာ့ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့မှာတော့ ဖိလစ်ပိုင်ကြည်းတပ်၊ လေတပ်၊ မီးဘေး ကာကွယ်ရေးဗျူရို၊ မနီလာမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သဘာဝအရင်းအမြစ်ဦးစီးဌာနနဲ့ EDC နဲ့ APEX သတ္တုတူးဖော်ရေးတို့လို ပုဂ္ဂလိကကဏ္ဍတွေကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ လိုအပ်တဲ့ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ယူဆောင်လာပြီး အသက်ကယ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ မစ်ရှင်တလျှောက် အရေးကြီးတဲ့ အကူအညီတွေ ပေးအပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဖိလစ်ပိုင်လေတပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၇၅၆ ယောက်အထိရှိနေပြီလို့ ဧပြီ ၁ ရက် ည ၈ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။
ငလျင်ကြောင့် နေပြည်တော် အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေး အဆောက်အုံတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။