Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် ခွဲစိတ်ကုသရေးပစ္စည်းများ အပါအဝင် တန်ချိန် ၃ တန်ခန့် WHO ထောက်ပံ့
DVB
·
April 1, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ဒဏ်ရာကုသဖို့ ပစ္စည်းတွေ၊ ခွဲစိတ်ကုသရေးဆိုင်ရာ ပစ္စည်းတွေနဲ့ အသုံးဝင်တဲ့ တဲတွေကို တန်ချိန် ၃ တန် နီးပါးလောက် နေပြည်တော်နဲ့  မန္တလေးက ဆေးရုံတွေကို ပို့ဆောင်ခဲ့ပြီး ကျန်းမာရေး အရေးပေါ်တုံ့ပြန်မှုတွေကို စတင်ဆောင်ရွက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ထောင်ပေါင်းများစွာကိုလည်း ကုသဖို့အတွက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ကြိုးပမ်းနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

WHO မြန်မာနိုင်ငံကိုယ်စားလှယ် ဒေါက်တာ သူရှာရဖာနန်ဒိုက “မြန်မာနိုင်ငံသားတွေဟာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။ ဒီငလျင်ဟာ ရွှေ့ပြောင်းနေထိုင်ရတာ၊ အားနည်းတဲ့ ကျန်းမာရေးစနစ်နဲ့ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမမီတာတွေနဲ့ ရုန်းကန်နေရတဲ့ ကျေးရွာတွေရဲ့ ဒုက္ခကို ပိုမိုနက်ရှိုင်းစေခဲ့တယ်” လို့ ပြောပါတယ်။

WHO အနေနဲ့ ငလျင်ဘေးဒဏ်ကို အဆင့် ၃ အရေးပေါ်အခြေအနေ (Grade 3 emergency) အဖြစ် သတ်မှတ်ခဲ့ပြီး အရေးပေါ်တုံ့ပြန်မှုတွေအတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ WHO ဟာ ဒဏ်ရာကုသရေး၊ ရောဂါဖြစ်ပွားမှု ကာကွယ်ရေးနဲ့ အရေးကြီးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ငန်းတွေကို ချဲ့ထွင်လုပ်ဆောင်နေတယ်လို့  ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လာမယ့် ရက်ပေါင်း ၃၀ အတွင်း WHO အနေနဲ့  မိုဘိုင်းအဖွဲ့တွေနဲ့ အရေးပေါ်အဖွဲ့တွေက ဒဏ်ရာတွေကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးတာ၊ ရောဂါဖြစ်ပွားမှုတွေ ကာကွယ်ဖို့ ရောဂါစောင့်ကြည့်ရေးစနစ်တွေ တပ်ဆင်တာ၊  မိခင်နဲ့ ကလေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့  နာတာရှည်ရောဂါတွေ ပြန်လည်ကုသရေး လုပ်ဆောင်ပေးတာ၊ စိတ်ကျန်းမာရေးနဲ့ လူမှုရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအတွင်းရှိ မြို့ရွာတွေမှာ လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ပြီး လမ်းတံတားတွေနဲ့ လူနေအိမ်မြောက်မြားစွာလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အင်အားပြင်းငလျင်ကြောင့် လှုပ်ခတ်အပြီး ၄ ရက်ကျော်အကြာ ဒီကနေ့ ဧပြီ ၁ ရက်နေ့အထိ DVB က ကောက်ယူရရှိတဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့ သေဆုံးသူ အယောက် ၃,၆၀၀ ကျော်လာပြီလည်း ဖြစ်ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013