Home
မြန်မာသတင်း
စစ်ပွဲ ချက်ချင်းရပ်ပြီး ငလျင်ဘေးသင့်ပြည်သူများကို ကူညီရန်  ကုလအထူးကိုယ်စားလှယ် တောင်းဆို 
DVB
·
April 1, 2025
Photo: Reuters

မြန်မာပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး စစ်မက်ပြုခြင်းတွေကို ချက်ချင်းရပ်တန့်ရန်ဖို့နဲ့ ငလျင်ဘေး အကူအညီပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အသက်ကယ်အကူအညီတွေ ပေးပို့ရေး အားထုတ်မှုတွေကို  အာရုံစိုက် လုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က  တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်မှု အဆုံးသတ်ကြဖို့လိုပြီး၊ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆောင်ရွက်နိုင်ရေး ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့် ပေးဖို့လည်း ကုလအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

မီဒီယာတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ မေးခွန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရဲ့ ပြန်လည်ဖြေကြားချက်တွေကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ဧပြီ ၁ ရက်က ထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာပါ။

ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် အရင်ကတည်းက ဆိုးရွားနေပြီးဖြစ်တဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ တသားတည်း ရပ်တည်တယ်၊ ငလျင်ဒဏ် ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူတွေရဲ့ ဆင်းရဲဒုက္ခတွေအတွက် များစွာ ဝမ်းနည်းကြေကွဲရတယ်လို့   မစ္စဂျူလီ ဘစ်ရှော့က ပြောပါတယ်။ 

ငလျင်ဘေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေအတွက် အဘက်ဘက်မှ အရေးတကြီး လမ်းဖွင့်ပေးရမယ်၊ အကူအညီပေးရေး လုပ်သားတွေ ဘေးကင်းလုံခြုံစွာ လှုပ်ရှားဆောင်ရွက်နိုင်စေရမယ်၊ သဘာဝဘေးဒဏ်သင့် ဒေသများမှာ စစ်တပ်က စစ်ရေးလုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောင်နေခြင်းဟာ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့အပြင် တုံ့ပြန်ဆောင်ရွက်ရေးတွေ လုပ်ဖို့ အရေးပါသည့် ပူးတွဲတာဝန်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

အထူးကိုယ်စားလှယ်ဟာ မကြာသေးခင်က  အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံကာ မြန်မာအရေးနဲ့ ဒေသတွင်းကိစ္စတွေ ဆွေးနွေးခဲ့ပြီး အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုတွေ တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် လိုအပ်သလို အသုံးပြုနိုင်တဲ့ ရန်ပုံငွေတွေ အလျင်အမြန် ထောက်ပံ့ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြား အလှူရှင်တွေထံ တောင်းဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စဂျူလီ ဘစ်ရှော့ဟာ   မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူပြီးကလည်းက မြန်မာ့အရေးကိစ္စတွေကို သိုသိုသိပ်သိပ် လုပ်ဆောင်နေပြီး သိသာထင်ရှားတဲ့ ရလဒ်တွေတော့ တခုမှ ထွက်ပေါ်လာတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013