Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်သူများကို ရှာဖွေကယ်ဆယ်ရာ၌ နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ လိုအပ်
DVB
·
April 1, 2025

မြန်မာနိုင်ငံရဲ့ မြေငလျင်သင့်ဒေသတွေကို သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတချို့မှာ နည်းပညာအခက်အခဲနဲ့ ကယ်ဆယ်ရေးပစ္စည်း လိုအပ်ချက်တွေ ရှိနေတာကြောင့် ကယ်ဆယ်ရေးပြုလုပ်ရာမှာ နှောင့်နှေးကြန့်ကြာတာတွေ ရှိတယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ပရဟိတအခြေခံပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ခွန်အားတွေနဲ့သာ အဓိကလုပ်ဆောင်နေရတာဖြစ်ပြီး တမြို့နဲ့တမြို့ ချိတ်ဆက်ကာ တတ်နိုင်သမျှ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ပရဟိတအသင်း တာဝန်ရှိသူတယောက်က “ကျနော်တို့မှာ အခက်အခဲတွေက အများကြီးပဲ။ ဘာသင်တန်းမှ တက်ပြီး ကယ်ဆယ်ရေး လုပ်နေကြတာ မဟုတ်ဘူး။ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ကြိုးစားပြီး လုပ်နေကြတာ။ နောက် နည်းပညာအခက်အခဲ၊ ပစ္စည်းကိရိယာ အခက်အခဲရှိမယ်။ ခု ငလျင်လှုပ်တယ်၊ တိုက်တွေပြိုတယ်၊ ပစ္စည်းကိရိယာမရှိဘူး၊ စိတ်ဓာတ်နဲ့ ကူညီချင်လို့ သွားကြတာ” လို့ ပြောပါတယ်။

ပရဟိတအသင်းတွေအနေနဲ့ အရေးပေါ်ဖြစ်တဲ့နေရာရောက်မှ လိုအပ်မယ့်ဟာ ဝယ်ရတာ၊ အလှူခံပြီး ဝယ်ရတာတွေကြောင့် ပရဟိ​တအဖွဲ့တွေက အလှူခံပါတယ်ဆိုပြီး အပြောခံရကြောင်း၊ အမှန်က ပရဟိတအဖွဲ့အစည်းတွေဆီမှာ ရှာဖွေကယ်ဆယ်ရေးအတွက် ပစ္စည်းကိရိယာ ဘာမှကို မရှိတာလို့ ဆိုပါတယ်။

လက်ရှိမှာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့တွေမှာ ရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အကူပေးရေးအဖွဲ့တွေနဲ့ ပြည်တွင်းက လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေကို အားကိုးလုပ်ကိုင်နေရတာဖြစ်ပြီး လက်ရှိမှာလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဒီကနေ့အထိ နှောင့်နှေးကြန့်ကြာတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံအတွင်း မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့ အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့ပါ ထိခိုက်ပျက်စီးတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၃,၆၄၃ ယောက်နဲ့ ဒဏ်ရာရသူ ၄,၅၇၅ ယောက်အထိ ရှိလာပြီး ၇၀၅ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ DVB က ဧပြီ ၁ ရက် မွန်းလွဲ ၁ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013