
ငလျင်လှုပ်ခတ်မှုကြောင့် လမ်းပိုင်းတချို့ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို တိုက်ရိုက်သုံးမရသေးဘဲ လမ်းဟောင်းကနေ ရှောင်မောင်းနေရသေးတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကားသွားလာမရအောင် ပျက်စီးနေတဲ့ လမ်းပိုင်းတချို့ကို ပြင်ဆင်နေတာ မပြီးသေးသလို လမ်းပျက်နေတဲ့ နေရာတွေကို အသိပေး ကြေညာထားတာ မရှိလို့ ယာဉ်မောင်းတွေအနေနဲ့ စမ်းတဝါးဝါး လမ်းကြောင်းရှာ အသုံးပြုနေကြရတယ်လို့ ဆိုပါတယ်။
အဝေးပြေး ဘတ်စ်ကားယာဉ်မောင်းတယောက်က “ကားသမားအချင်းချင်းပဲ ချိတ်ဆက်မေးပြီး သွားလာနေရတာ။ မနက်ကအထိ လမ်းဟောင်းကနေ ရှောင်မောင်းလာရတယ်။ ဘယ်နေရာ ပျက်စီးလို့ ဘယ်ကနေ လမ်းကြောင်းပြောင်းမောင်းဆိုပြီး သက်ဆိုင်ရာက အသိပေးတာမျိုး မရှိဘူး” လို့ ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ၁၁၅ မိုင်နဲ့ ၂၀၅ မိုင်ကြားမှာ လမ်းပျက်စီးကာ သွားလာရ အဆင်မပြေတာကြောင့် လမ်းဟောင်းကို ဆင်းရှောင်မောင်းနေရတယ်လို့ ယာဉ်မောင်းတချို့က ဆိုပါတယ်။
ဒါ့ကြောင့် ဖြူး၊ တောင်ငူ၊ အုတ်တွင်း၊ ဆွာ စတဲ့ မြို့ဖြတ်လမ်းဟောင်းမှာ ယာဉ်ကြောပိတ်ဆို့တာမျိုးတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့တဲ့ ယာဉ်မောင်းတယောက်က ဆိုပါတယ်။
“လမ်းဟောင်းက စစ်ဆေးတဲ့ဂိတ်လည်း များတယ်။ ကားတွေက ရှောင်မောင်းလာတော့ စစ်ဆေးရေးဂိတ်တွေမှာ သွားပိတ်မိတယ်။ အဝေးပြေးကားတွေကတော့ ဂိတ်တိုင်း ပိုက်ဆံပေးနေရတယ်။”
အမြန်လမ်း အရှည် မိုင် ၅၀ လောက်ကို ရှောင်မောင်းရတဲ့အတွက် ၃ နာရီလောက် လမ်းခရီးမှာ အချိန်ပိုကုန်ကြရတယ်လို့လည်း ယာဥ်မောင်းတွေက ပြောပါတယ်။
ဖြတ်သန်းအသုံးပြုလို့ရတဲ့ အမြန်လမ်း နေရာတချို့မှာလည်း လမ်းပပ်ကြားအက်တာ၊ တံတားအဆက်နေရာတွေ ညီညာမှုမရှိတော့တာမျိုးတွေ ရှိနေသလို ပြင်ဆင်မှုတွေ လုပ်နေတာ ရှိပေမဲ့ လမ်းပြင်နေတာကို အသိပေး အချက်ပြတဲ့နည်းလမ်း အားနည်းလို့ ကားတွေ သတိထား မောင်းရတာမျိုးတွေ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။