Home
မြန်မာသတင်း
ငလျင်ကြောင့် လားရှိုးတွင် သင်္ကြန်ပွဲနှင့် အခြားပွဲလမ်းသဘင်များ MNDAA ဖျက်သိမ်း
DVB
·
March 30, 2025

ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာ ခံစားနေရသူတွေကို ဝမ်းနည်းကြောင်း ဖော်ပြတဲ့အနေနဲ့ လာမယ့် သင်္ကြန်ကာလရဲ့ ပွဲတော်နဲ့ တခြားပွဲလမ်းသဘင်တွေ မပြုလုပ်တော့ဖို့အတွက် ကိုးကန့်တပ်ဖွဲ့  MNDAA ဗဟိုဌာနချုပ်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ပြည်သူတွေအပေါ် အထူးဒေသ ၁ ရဲ့ အစိုးရအဖွဲ့နဲ့ ပြည်သူတွေက လွန်စွာစိတ်မကောင်းဖြစ်ရပြီး ငလျင်ဘေးသင့်ဒေသတွေရှိ ပြည်သူတွေရဲ့ အခက်အခဲတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

လားရှိုးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သဘောထား ထုတ်ပြန်တာပါ။ ငလျင်ဘေးသင့်တဲ့ ဒေသတွေဆီ သွားနိုင်ဖို့ တဖက်နဲ့တဖက် ညှိနှိုင်းဖို့ကတော့ အထက်က ဆောင်ရွက်ပါလိမ့်မယ်။ သဘောထားကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပဲ ကျနော်တို့က ပြင်ဆင်ပေးရမှာပါ။ သင်္ကြန်ဖျက်သိမ်းလိုက်တာကလည်း အကုန်အပြီးအစီး လုပ်ပြီးသား မဟုတ်တော့ လွယ်ကူပါတယ်” လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေကို အလှူငွေနဲ့ပစ္စည်းတွေ လှူဒါန်းနိုင်ဖို့အတွက် အထူးဒေသ ၁ မှာရှိတဲ့ မြို့နယ်၊ ခရိုင်တွေက ခေါင်းဆောင်တယောက်စီ ရွေးချယ်ကာ သဘာဝဘေးကယ်ဆယ်ရေး အဖွဲ့တွေ ဖွဲ့စည်းကာ ဒေသခံ အရပ်ဘက်တပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့၊ ငလျင်ဘေးသင့်ဒေသရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုတွေ အကောင်အထည်ဖော်ဖို့အတွက် ငလျင်ဒဏ်သင့်ဒေသတွေကို သွားရောက်ကူညီပေးဖို့လည်း ညွှန်ကြားထားပါတယ်။

ဒါ့အပြင် အထူးဒေသအတွင်းရှိ ဆေးရုံအားလုံးအနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ရောက်ရှိလာမယ့် လူနာတွေအတွက် အခမဲ့ ဆေးဝါးကုသမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ အထူးဒေသက အစိုးရအဖွဲ့တွေနဲ့ ပြည်သူတွေက ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေ ရောက်ရှိလာပါက အခမဲ့ အစားအသောက်၊ နေရာထိုင်ခင်းတွေ ထောက်ပံ့ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့အပြင် အခုလို သဘာဝကပ်ဘေးကြောင့် ပြည်သူတွေပျက်စီးဆုံးရှုံးသေဆုံးရမှုတွေအပေါ် အထူးဒေသရှိ အစိုးရအဖွဲ့များနဲ့ ပြည်သူအနေနဲ့ များစွာကြေကွဲဝမ်းနည်းရပါကြောင်းနဲ့ လူသားချင်း စာနာမှု ကူအညီတွေ ပေးအပ်ဖို့အသင့်ရှိတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းက မြို့တွေမှာ လူနေအဆောက်အဦး၊ စာသင်ကျောင်း၊  ဘာသာရေးဆိုင်ရာ အဆောက်အဦတွေများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013