Home
မြန်မာသတင်း
ငလျင်ဘေးသင့်သူများအတွက် ကြေကွဲဝမ်းနည်းရကြောင်း ဟောလိဝုဒ်မင်းသမီးကြီး မီရှဲယို ပြော
DVB
·
March 30, 2025

ခုရက်ပိုင်းမှာတင် ဖြစ်ပွားခဲ့တဲ့ အသေအပျောက်များခဲ့တဲ့ အင်အားပြင်းငလျင်ဘေးသင့် မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ပြည်သူတွေနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရတဲ့အကြောင်း ဟောလိဝုဒ်စတား မင်းသမီးကြီး မီရှဲယိုက ပြောလိုက်ပါတယ်။

မတ် ၂၉ ရက်မှာ သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ မျှဝေထားခဲ့တာဖြစ်ပြီး “သဘာဝဘေးဒဏ်တွေက မမျှတတဲ့ ကမ္ဘာကို ပိုပြီးတော့တောင် မမျှမတဖြစ်လာစေတယ်” လို့ ရေးသားထားခဲ့ပါတယ်။

မတ် ၂၈ ရက် နေ့လယ်ပိုင်းက မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ အဆိုပါငလျင်ကြောင့် သေဆုံးရသူဦးရေဟာ ၁,၆၀၀ ကျော်နဲ့ လူ ၂,၀၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ထားပေမဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာမို့ ဒီ့ထက်ပိုပြီးတော့ သေဆုံးသူတွေ တိုးလာနိုင်ပါတယ်။

လူပေါင်း ၁ သန်းခွဲလောက် နေထိုင်တဲ့ မန္တလေးမှာလည်း သာသနိကအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ရပြီး တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာလည်း ဆောက်လက်စ အထပ်မြင့်တိုက်တလုံး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၆၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသမီးကြီး မီရှဲယိုဟာ စစ်အုပ်စုက မတရား ဖမ်းဆီးအကျဉ်းချထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ The Lady ရုပ်ရှင်နဲ့ မြန်မာပရိသတ်တွေကြား နာမည်ကြီးပြီး အချိန် ၂ နာရီကျော်ကြာတဲ့ အဆိုပါရုပ်ရှင်ကိုတော့ ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းက ဘန်ကောက်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံဖွား တရုတ်အမျိုးသမီးဖြစ်ပြီး အင်္ဂလန်မှာ ကြီးပြင်းတဲ့ မင်းသမီးကြီးဟာ တရုတ်သိုင်းကားတွေ၊ ရာဇဝင်ကားတွေအပြင် ဂျိမ်းစဘွန်း ကားတွေနဲ့ နာမည်ကြီးခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Everything Everywhere All at Once ဇာတ်ကားနဲ့ ပထမဆုံး အာရှအမျိုးသမီး အော်စကာဆုရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ကုလသမဂ္ဂအဖွဲ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်း သံအမတ်အဖြစ် ခန့်အပ်ထားတဲ့ မင်းသမီးကြီးဟာ အရပ်သားအစိုးရလက်ထက် လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ မေလတုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသလို ၂၀၁၆ ခုနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ  တွေ့ဆုံခဲ့ဖူးပြီး လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေမှာ ကူညီထောက်ကူပေးရေး ဆွေးနွေးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013