Home
မြန်မာသတင်း
မြန်မာ ငလျင်ဘေးကူညီကယ်ဆယ်ရန် ထိုင်းအထူးတပ်ဖွဲ့ လေယာဉ်ဖြင့် ရောက်ရှိလာ 
DVB
·
March 30, 2025
Photo: Royal Thai Embassy, Yangon

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ငလျင်သဘာဝဘေးကို ကူညီပေးဖို့အတွက် ထိုင်းအစိုးရက ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ အထူးတပ်ဖွဲ့ ဝင် ၅၅ ယောက်ကို  မြန်မာနိုင်ငံသို့ အထူးလေယာဉ်နဲ့  စေလွှတ်ခဲ့တာမှာ ဒီနေ့ မတ်လ ၃၀ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးဒဏ်ကို လူသားချင်းစာနာမှုနဲ့ ကူညီလိုတာ၊ နေပြည်တော်နဲ့ မန္တလေးမှာရှိတဲ့ အန္တရာယ်ကျရောက်နေတဲ့ ထိုင်းလူမျိုးတွေကို သွားရောက် ကယ်ဆယ်ဖို့ အထူးတပ်ဖွဲ့ စေလွှတ်တာလို့ ဆိုပါတယ်။

အထူးတပ်ဖွဲ့ဝင်တွေထဲမှာ စီမံခန့်ခွဲရေးအဖွဲ့ ၊ စစ်ဗိုလ်တွေ ပါဝင်တဲ့အဖွဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ အရေးပေါ်ကူညီနိုင်ဖို့ ဆေးအဖွဲ့ ၊ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးရေးအဖွဲ့နဲ့ ဆက်သွယ်ရေးအဖွဲ့ စတာတွေပါဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဧပြီ ၃ ရက်အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း အသက်ဆုံးရှုံးရသူတွေ၊ ထိခိုက်နစ်နာသူတွေ၊ ပျောက်ဆုံးနေသူတွေ၊ ငလျင်ဘေးဒဏ်ခံနေရသူတွေနဲ့အတူ ထပ်တူဝမ်းနည်းမှုရှိပြီး အထောက်အပံ့နဲ့ အကူအညီတွေ အစွမ်းကုန်ပေးအပ်သွားမယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လက်စ အထပ်မြင့်အဆောက်အဦတလုံး ပြိုကျပျက်စီးပြီး  မြန်မာအလုပ်သမားတွေ အပါအဝင် ဆောက်လုပ်ရေးလုပ်သမားတွေ သေဆုံး၊ ပျောက်ဆုံး၊ ပိတ်မိနေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013