
အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲအဖြစ် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်မှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရေပြတ်လပ်မှုတွေကို ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ထံကသိရပါတယ်။
နေပြည်တော်မှာ ငလျင်လှုပ်ပြီး နောက်ပိုင်း ၂ ရက်ခန့်ကြာတဲ့အထိ လျှပ်စစ်မီး ပြန်လည်ရရှိခြင်း မရှိသေးသလို တချို့နေရာတွေက ရေတွင်းတွေ ရေပြန်လည်ထွက်တာ မရှိသေးပါဘူး။
နေပြည်တော်ဒေသခံတယောက်က “ငလျင်လှုပ်တော့ အောက်က မြေကြီးတွေ အက်ကွဲပြီး သဲတွေ၊ နုန်းတွေ ထွက်လာတယ်။ ပြီး အဲဒီ သဲတွေ၊ နုန်းတွေက ရေပိုက်တွေကို ပိတ်သွားတယ်နဲ့တူတယ်။ ကျနော့်အိမ်က လက်နှိပ်တွင်းတောင် မရတော့ဘူး။ အခု တရွာလုံးက တွင်းတွေကို စက်နဲ့လိုက်ပြီး မောင်းကြည့်နေတယ်။ ကွန်ပရက်ဆာနဲ့ လေပိုက်နဲ့ လိုက်မှုတ်တာပေါ့။ ရတဲ့တွင်းတွေရတယ်။ တချို့တွင်းတွေကလည်း မရသေးဘူး” လို့ ပြောပါတယ်။
မြို့ပေါ်က နေအိမ်တွေနဲ့ ဆိုင်တချို့ကတော့ လျှပ်စစ်မီးပြတ်တောက်ချိန် ရေတင်မရတဲ့အတွက် စားသောက်ဆိုင်တချို့ ပိတ်ထားရသလို တချို့ကလည်း သုံးရေကို ဝယ်ပြီး သုံးနေရတယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် နေပြည်တော်အတွင်းက နေအိမ်တိုက်တာတွေ၊ လမ်းတွေ ပျက်စီးမှု ရှိခဲ့သလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း အနည်းငယ်သာ သုံးစွဲလို့ရသေးတယ်လို့ သိရပါတယ်။