
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးပြိုကျနေတဲ့ အဆောက်အအုံတွေကြား ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာက ရောက်ရှိနေတဲ့ ကူညီကယ်ဆယ်ရေးသမားတွေ မန္တလေးနဲ့ နေပြည်တော်မှာ စတင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ် ၃၀ ရက် ဒီကနေ့မှာ မန္တလေးမြို့ပေါ်က Sky Villa Condo ကို တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်နေပြီး Great Wall Hotel ပြိုကျပျက်စီးနေတဲ့ နေရာကိုတော့ အိန္ဒိယနိုင်ငံက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံအောက် ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူ တယောက်ကို ကယ်ထုတ်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။