Home
မြန်မာသတင်း
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အကျဉ်းဦးစီးက မထုတ်ပြန်သဖြင့် အကျဉ်းသားမိသားစုများ စိုးရိမ်
DVB
·
March 29, 2025

အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အဆောင်တချို့ ပျက်စီးပြိုကျခဲ့ပေမဲ့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်တာ မရှိသေးတာကြောင့် အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာတနိုင်ငံလုံးက နေအိမ်တွေ၊ ဗလီတွေ၊ ဘုန်းကြီးကျောင်းတွေအပါအဝင် အဆောက်အအုံများစွာပျက်စီးပြီး လူ ၁၀၀၀ ကျော် သေဆုံးခဲ့တာပါ။

အကျဉ်းသားမိသားစုဝင်တယောက်က “မန္တလေး၊ အိုးဘိုထောင်က၊ ဝန်ထမ်းသုံးယောက်ရှိပြီ ဖုန်းဆက်မေးနေတာ၊ သူတို့ကတော့ အခြေနေကောင်းပါတယ်ကလွဲရင် ဘာမှမေးလို့မရဘူး။ မနေ့က ထောင်ဝင်စာသွားတွေ့တဲ့သူတချို့က ထောင်ထဲက ဘုရားပြိုကျသွားတာကို မြင်လိုက်‌တယ်လို့ လှမ်းပြောလို့ လိုက်သွားကြတာ။ ထောင်က ဘာမှမေးလို့မရဘူး၊ ထောင်ဝင်စာတွေလည်း ပိတ်လိုက်လို့ ပြန်လာရတယ်။ နောက် ပြန်လာတော့မှ ထောင်ထဲကို Ambulance ကားတွေ အများကြီးဝင်သွားတာကို တွေတဲ့သူက ဖုန်းဆက်ပြောလို့ ထောင်ကို ထပ်ဖုန်းဆက်ပေမဲ့ ထောင်က ဖုန်းကိုမကိုင်တော့ဘူး။ မန္တလေးက အပျက်အစီးအများဆုံးဆိုတော့ စိတ်ပူတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးကလည်း အိုးဘိုအကျဥ်းထောင်ရှိ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးမှုအခြေအနေတွေကို ထောင်အာဏာပိုင်တွေက သတင်းအမှောင်ချထားတာကြောင့် သတင်းအတိအကျရရှိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

“အိုးဘိုထောင်မှာ အဆောင်ပြိုကျမှုနဲ့ သေဆုံးမှုတွေရှိတယ်လို့ သိရပေမဲ့ အတိအကျကိုတော့ အတည်ပြုဖို့ ကြိုးစားနေဆဲပါ။ ထောင်တွင်းသတင်းက ရရှိဖို့ ခက်ခဲတာမို့လို့ သတင်းအမှောင်ချထားတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ငလျင်လှုပ်တဲ့အချိန်က တန်းပိတ်ချိန်ဖြစ်တော့ အကျဥ်းသား/သူအားလုံးကို စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က “သာယာဝတီထောင်မှာ နှစ် ၁၀၀ အဆောင်ပြိုကျပြီး ထိခိုက်တယ်ကြားလို့ ထောင်ဝန်ထမ်းကို ဖုန်းဆက်ပြီးလှမ်းမေးတာ၊ ဖုန်းမကိုင်တော့ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံးက ထောင်တွေထဲမှာ သာယာဝတီ၊ သရက်၊ အင်းစိန်၊ မြင်းခြံ ထောင်တွေက နှစ် ၁၀၀ ပတ်ဝန်းကျင် သက်တမ်းတွေရှိနေခဲ့တာ‌ဖြစ်ပြီး ထောင်မှာ ထုံးသုတ်တာကလွဲပြီး ဘာမှ ထိန်းသိမ်းဝာာတွေ မလုပ်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

ဒိုက်ဦးထောင်၊ ညောင်ဦးထောင်၊ ပုသိမ်ထောင်၊ မိတ္ထီလာထောင်၊ သာယာဝတီထောင်၊ အင်းစိန်ထောင်၊ သရက်ထောင်၊ မအူပင်ထောင်၊ တောင်ငူထောင်နဲ့ ကလေးထောင်တို့မှာ အကျဥ်းသားအားလုံး ငလျင်ဒဏ်ကြောင့် ထိခိုက်မှုမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်ဆီက သိရပါတယ်။

မန္တလေး အိုးဘိုထောင်မှတော့ အဆောင်တွေ ပြိုကျပြီး  ထိခိုက်ပျက်စီးရှိနေတယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပေမဲ့ အကျဉ်းဦးစီးဌာနက တစုံတရာ သတင်းထုတ်ပြန်တာမရှိသေးသလို ဖုန်းနဲ့လည်း ဆက်သွယ်လို့ မရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013