Home
မြန်မာသတင်း
‘ဝ’၊ ကိုးကန့်နှင့် မိုင်းလားတပ်ဖွဲ့များက ငလျင်ဘေး ကူညီထောက်ပံ့မည်
DVB
·
March 29, 2025

မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး၊ သေဆုံး ဒဏ်ရာရသူ၊ ငလျင်ဘေးသင့်ပြည်သူတွေကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့ ၊  MNDAA  ကိုးကန့်နဲ့  NDAA-ESS မိုင်းလား တို့မှ  ကူညီ ထောက်ပံ့မယ်လို့  အသီးသီးထုတ်ပြန်ပါတယ်။

UWSA ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေနဲ့ ကျပ်ငွေ သန်းပေါင်း ၂၀၀၀ ကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး  လက်ရှိမြန်မာနိုင်ငံဟာ ပြည်တွင်းပဋိပက္ခဒဏ်ကို ကြုံတွေ့နေရ ဆဲဖြစ်တယ် ။  တဆက်တည်းမှာပဲ အခုလို ကြီးမားတဲ့ သဘာဝဘေးဒဏ်ကို ထပ်မံခံစားရတဲ့ အတွက် မိမိတို့ ‘ဝ’ ပြည်နယ်အနေနဲ့လည်း ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။ ငလျင်ဘေးသင့်ဒေသရှိ ပြည်သူတွေကို အလေးအနက်ထားပြီး သနားကြင်နာမှု၊ နွေးထွေးသော အားပေးမှုနဲ့အတူ ငလျင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

MNDAA ကိုးကန့် အထူးဒေသ-၁ လားရှိုးကျန်းမာရေးဌာနကလည်း လူသားချင်းစာနာထောက်ထားမှု ပြည့်ဝစွာနဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေ လာရောက်ဆေးကု သမှုခံယူမယ်ဆိုရင် အခမဲ့ကုသပေးမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသက လူနာတွေကူညီကယ်ဆယ်ဖို့ အထူးဒေသ-၁ ကျန်းမာရေးဌာနနဲ့ တခြားသက်ဆိုင်ရာဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့တွေက လူအင်အား၊ ဆေးပစ္စည်းနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အဆင်သင့်ပြင်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NDAA  -ESS  မိုင်းလားတပ်ဖွဲ့ကလည်း - မိမိတို့ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ အစိုးရနဲ့ ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးသုပြည်သူအသီးသီးက သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှု ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းခံစားရတယ်လို့ မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။  

အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ မိမိတို့တတ်စွမ်းသမျှ အုတ်တချပ်သဲတပွင့် ပါဝင်ကူညီနိုင်ဖို့ သတင်းကြားကြားချင်း ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက် အလှူငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကို လိုအပ်တဲ့နေရာဆီ အရောက်ပို့ဆောင်နိုင်အောင် တဖက်တလှမ်းက ဆောင်ရွက်နေတယ်၊ ချစ်ခြင်းမေတ္တာနဲ့အတူ ပြည်သူအချင်းချင်း လူသားချင်းစာနာမှုနဲ့ စည်းလုံးစွာရိုင်းပင်းကူညီမယ်ဆိုရင် အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား - Wa News Land / Freedom Youth Volunteers-FYV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013