
မြန်မာနဲ့ ထိုင်းနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အီရန်နိုင်ငံက ထောက်ပံ့ကူညီမှုတွေ ပေးအပ်သွားမယ်လို့ Iran Front Page သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အီရန်အနေနဲ့ အရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် အကူအညီတွေ ပေးအပ်ဖို့ အသင့်ရှိနေတဲ့အကြောင်း ပြောလိုက်တာပါ။
ဒါ့အပြင် ငလျင်ကြောင့် သေဆုံးသွားကြရသူတွေရဲ့ မိသားစုဝင်တွေ၊ မြန်မာနဲ့ ထိုင်းအစိုးရနဲ့ ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြပါတယ်။
မတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ အဆိုပါ ငလျင်ကြောင့် သေဆုံးရသူဦးရေဟာ ၁,၀၀၀ ကျော်နဲ့ လူ ၂,၀၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ထားပပေမဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာမို့ ဒီ့ထက်ပိုပြီးတော့ သေဆုံးသူတွေ တိုးလာနိုင်ပါတယ်။
လူပေါင်း ၁ သန်းခွဲ လောက်နေထိုင်တဲ့ မန္တလေးမှာလည်း သာသနိကအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ရပြီး တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် မှာလည်း ဆောက်လက်စ အထပ်မြင့်တိုက်တလုံးပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အီရန်က ဘယ်လိုထောက် ပံ့ကူညီမှုတွေ ပေးအပ်သွားမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။