ရန်ကုန်မှာ ရေတင်နိုင်ဖို့ တရက်ကို ၄ နာရီကြာလောက် မီးပေးဖို့ ကြိုးစားနေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ်ပို့လွှတ်နေတဲ့ ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနဲ့ ဓာတ်အားလိုင်းတွေရဲ့ ဓာတ်လွှတ်ပစ္စည်းတွေ ချို့ယွင်းပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဓာတ်အားစနစ်ကနေ ဓာတ်အားချိတ်ဆက်မပို့လွှတ်နိုင်သေးချိန်မှာ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဂက်စ်တာဘိုင်တွေကနေ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ကြိုးပမ်းစီမံဆောင်ရွက်နေပြီး မတ် ၂၉ ရက် ဒီမနက် ၅ နာရီအချိန်ကစလို့ ၂၄ နာရီ တရက်အတွင်း အုပ်စု ၆ စု၊ တခုကို ၄ နာရီနှုန်းလောက်ပဲ ရေတင်နိုင်ဖို့အတွက် ဓာတ်အားဖြန့်ဖြူးပေးနိုင်မယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်ကနေ ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ပေးနိုင်မှ ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပါတယ်။
အခု ခွဲလိုက်တဲ့ အုပ်စု ၆ ခုဟာ အရင်လိုမီးပေးနေတဲ့ အုပ်စုတွေနဲ့မဆိုင်ဘဲ အခုမှ အသစ်ခွဲလိုက်တဲ့ အုပ်စုဖြစ်လို့ ဘယ်အုပ်စုဟာ ဘယ်အချိန်မှာ မီးလာမလဲဆိုတာ မသိရဘဲ စောင့်ဆိုင်းပြီး ရေတင်၊ အားသွင်းကြဖို့ လျှပ်စစ်သတင်းတွေ တင်ပေးနေဲ့ ကေအက်စ် ပေ့ဂျ်ကနေ အသိပေးထားပါတယ်။