
ခေတ်အဆက်ဆက် နိုင်ငံရဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်ခဲ့တဲ့နည်းတူ အနာဂတ်မှာလည်း ဆက်လက် ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
မတ် ၂၇ ရက် ညက နေပြည်တော်မှာ ပြုလုပ်တဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
နိုင်ငံဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့တိုင်း တပ်မတော်က အာဏာရယူကာ ကာကွယ်ပေးခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အာဏာရပါတီက မဲသမာမှုပြုလုပ်ကာ အာဏာရယူဖို့ ကြိုးစားခဲ့တာကြောင့် တပ်မတော်က ကာကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတော်ဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံတိုင်း တပ်မတော်က ကာကွယ်ခဲ့ရတာဖြစ်ပြီး အနာဂတ်မှာလည်း ဆက်လက်ကာကွယ်သွားမယ်လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှု အကြောင်းပြကာ အာဏာရယူခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ လာမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူအများ လက်ခံနိုင်တဲ့ စစ်မှန်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် ဆောင်ရွက်ရမယ်လို့လည်း အခမ်းအနားမှာ ပြောပါတယ်။
စစ်တပ်က ဦးစီးပြုလုပ်မယ့် ရွေးကောက်ပွဲကို ယခင်အကြိမ်တွေလို မဟုတ်တော့ဘဲ အီလက်ထရောနစ်စနစ်နဲ့ မဲဆန္ဒခံယူသွားမှာဖြစ်သလို အချိုးကျကိုယ်စားပြုစနစ် (PR) ကိုလည်း အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ အသုံးပြုသွားဖို့ ရှိနေပါတယ်။
Photo: MWD