Home
နိုင်ငံတကာ
ဆူဒန်အနောက်ပိုင်းက လူစည်ကားရာဈေးကို ဗုံးကြဲမှုအတွင်း လူ ၅၀ ကျော် သေဆုံး
DVB
·
March 26, 2025
Photo: Reuters

ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာ ပြီးခဲ့တဲ့တနင်္လာနေ့က လူစည်ကားရာဈေးတခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၅၄ ယောက် သေဆုံးခဲ့ရပါတယ်။

ဒါဟာ ဆူဒန်စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့  စွပ်စွဲထားသလို RSF အရန်တပ်ဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အသေအပျောက် အများဆုံးဗုံးကြဲမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အရေးပေါ်ဥပဒေအကျိုးဆောင်များ” စောင့်ကြည့်ရေးအဖွဲ့ကတော့ တူရာစျေးကို ဗုံးကြဲတိုက်ခိုက်မှုဟာ ကြောက်မက်ဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုဖြစ်ပြီး လူရာနဲ့ချီအောင် ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။

အခင်းဖြစ်ပွားရာဒေသမှာ အဓိကထိန်းချုပ်ထားတဲ့ RSF တပ်ဖွဲ့ကလည်း ပျက်စီးသွားတဲ့ ဈေးဆိုင်တွေနဲ့ မီးကျွမ်းနေတဲ့ အလောင်းတွေရဲ့ ဗီဒီယိုကို ​ဆိုရှယ်မီဒီယာပေါ် တင်ထားပါတယ်။

ဆူဒန်စစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ပြည်သူတွေကို ပစ်မှတ်ထားမျိုးမရှိဘူးလို့ ငြင်းဆိုခဲ့တဲ့အပြင် တရားဝင် ရန်သူ့ပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တုံ့ပြန် သွားပါတယ်။

ဆူဒန်စစ်တပ်ရော၊ RSF အရန်တပ်ဖွဲ့ကပါ အရပ်ဘက်နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ ရှိတယ်လို့ အကြိမ်ကြိမ် စွပ်စွဲခံထားရပါတယ်။

RSF ဘက်မှာ ဒရုန်းအသုံးပြုမှု ရှိပေမဲ့ စစ်တပ်ဘက်က တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့အလျောက် ရန်သူ့စခန်းတွေကို ဗုံးကြဲတိုက်ခိုက်လေ့ ရှိပါတယ်။

လက်ရှိ ပြည်တွင်းစစ် စတင်ချိန်ကတည်းက ဆူဒန်နိုင်ငံသား ၁၂ သန်းလောက်ဟာ သူတိုရဲ့နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒါဟာ တူနီးရှားနဲ့ ဘယ်လ်ဂျီယမ် တနိုင်ငံလုံးရဲ့ လူဦးရေပမာဏနဲ့ ညီမျှပါတယ်။

ဆူဒန်နိုင်ငံတဝန်း အငတ်ဘေး ကျရောက်နေပြီ ဖြစ်တဲ့အပြင် တိုက်ပွဲတွေကြောင့် လူ ၁ သိန်းခွဲအထိ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ကုလသမဂ္ဂအနေနဲ့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဆူဒန်ဟာ ကမ္ဘာ့လူသားချင်းစာနာမှုအကျပ်အတည်း အဆိုးရွားဆုံးကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်တယ်လို့  ကုလထုတ်ပြန်ချက်အရ သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013