
ကရင်ပြည်နယ်၊ မာနယ်ပလော KNU ဌာနချုပ်ဟောင်းနေရာအနီး စစ်ကောင်စီတပ်က YAK 130 တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲပြီးနောက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၂ စင်းဟာ မတ်လ ၂၄ ရက် ဒီမနက် ၁၁ နာရီ ၅၇ မိနစ်က မြန်မာ-ထိုင်း နယ်စပ်မှာ ကင်းလှည့် ပျံသန်းသွားပါတယ်။
စစ်ကောင်စီက နေပြည်တော်မှာ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေချိန် တိုက်လေယာဉ်တွေနဲ့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ လိုက်လုပ်နေပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာလည်း KNU ဗဟိုဌာနချုပ်အဟောင်းနေရာအနီး ကမားရွာထဲရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို ဗုံးသီး ၄ လုံးကြဲ ချသွားတာပါ။
ဗုံးကြဲတဲ့နေရာဟာ မြန်မာ-ထိုင်းနယ်စပ်နဲ့ ကိုက် ၅၀ လောက်သာ ဝေးကွာပေမဲ့ ထိုင်းနိုင်ငံဘက်ကိုတော့ ကျည်စတွေ ထိမှန်ကျရောက်တာတော့ မရှိခဲ့ပါဘူး။
ဒါပေမဲ့ မြန်မာတိုက်လေယာဉ်တွေ ထိုင်းနယ်မြေထဲ ကျူးကျော်ဝင်မလာစေဖို့ ထိုင်းလေတပ်က F-16 တိုက်လေယာဉ်တွေနဲ့ တာ့ခ်ခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင်အတွင်း ကင်းလှည့်သွားခဲ့တာပါ။