Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းကို လေကြောင်းဗုံးကြဲ၊ စစ်ဘေးရှောင်  ၃ ‌ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
DVB
·
March 26, 2025

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို မတ် ၂၅ ရက်နေ့မှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် မိသားစု ၃ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ဖြူပြင်ကျေးရွာရှိ စစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းကို မတ် ၂၅ ရက်နေ့ ညမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာလို့ အောင်ဖြူပြင်ကျေးရွာသားတယောက်က ပြောပါတယ်။

“ည ၇ နာရီခွဲမှာ ဂျက်ဖိုက်တာတစီးနဲ့ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ။ ပုဏ္ဏားကျွန်းမြို့က စစ်ဘေးတိမ်းရှောင်နေကြရတဲ့ မိသားစုဝင် ၃ ဦးက အခင်းဖြစ်တဲ့နေရာမှာတင် သေသွားကြပြီးတော့ နောက်ထပ် စစ်ဘေးရှောင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြတယ်။ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတဲ့နေရာကို သီးသန့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ။ ဈေးတွေကတော့ အာလုံးပိတ်ထားတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်က စစ်ဘေးရှောင်နေကြတဲ့ ဦးသန်းမောင် (၅၃ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်မေရီ (၄၅ နှစ်) နဲ့ သားဖြစ်သူ ကိုမောင်သက်နိုင် (၁၉ နှစ်) တို့ ဖြစ်ကြပါတယ်။

ဒါအပြင် နောက်ထပ် အသက် ၂ နှစ်နဲ့ ၁၅ နှစ်ကြား ကလေး ၅ ဦး အပါအဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦး ထိခိုက်ဒဏ်ရာရသွားပြီးတော့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အောင်ဖြူပြင်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နဲ့ စစ်တွေမြို့နယ်က စစ်ဘေးတိမ်းရှောင်နေသူတွေ အများဆုံး နေထိုင်ကြတာဖြစ်ပြီး လူတွေအကုန်လုံး စိုးရိမ်ထိတ်လန့်နေကြတယ်လို့ နောက်ထပ် စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“လူတွေကတော့ အတော်လည်းကို ကြောက်လန့်သွားတယ်။ လူနေအရပ်တွေနဲ့ စစ်ရှောင်တွေကို သီးသန့်ပစ်မှတ်ထား တိုက်ခိုက်တာကတော့ တော်တော်ကို ယုတ်မာတဲ့စိတ်နဲ့ လာတိုက်ခိုက်တာ။ ဒါတောင် ညအချိန်ဖြစ်လို့ အထိအခိုက်နည်းတာ။ မနက်ပိုင်း၊ နေလယ်ပိုင်းတွေဆို အထိအခိုက်က မတွေးရဲစရာပဲ။ အောင်ဖြူပြင်မှာက စစ်ဘေးရှောင် အများဆုံး ခိုလှုံနေကြတာ” 

အောင်ဖြူပြင်ကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ နဲ့အထက် ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013