Home
မြန်မာသတင်း
ရခိုင်သို့ တားမြစ်အရက်များ တင်သွင်းသူ ၁ ဦးကို AA ဖမ်းဆီး
DVB
·
March 25, 2025

ရခိုင်ပြည်နယ်အတွင်း ရောင်းချခွင့်ပိတ်ပင်ထားတဲ့ ပြည်ပဖြစ်အရက်နဲ့ ပြည်မဖြစ်အရက်တွေ တင်သွင်းလာသူတယောက်ကို ပလက်ဝမြို့နယ် ဆမီးမြို့မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပိတ်ပင်အရက်တွေ တင်သွင်းသူဟာ စစ်တွေမြို့နယ်က အမျိုးသားတယောက်ဖြစ်ပြီး မကွေးတိုင်း ဆောမြို့က တင်သွင်းလာရာကနေ ဆမီးမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှာ မတ် ၂၂ ရက်က AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာလို့ ကုန်သည်တယောက်က ပြောပါတယ်။

“ရခိုင်ပြည်အတွင်း ရောင်းချခွင့်ပိတ်ထားတဲ့ အရက်တွေကို ခိုးပြီးတင်သွင်းတာမှာ ဆမီးမြို့မှာ အဖမ်းခံရတာ။ AA ဘက်ကတော့ တရားစွဲမယ်ဆိုပြီးတော့ ပြောသံကြာတယ်။ တင်သွင်းသူကိုလည်း ဖမ်းထားဆဲပဲ။” 

လက်ရှိ ဖမ်းဆီးရမိထားတဲ့ အရက်တွေထဲမှာ ပြည်မထုတ်ကုန် အရက် GRAND ဝီစကီ ပုလင်း ၁၁၉ လုံး၊ နိုင်ငံခြားအရက် RED LABLE ပုလင်းအလုံး ၆၀ တို့နဲ့အတူ ဖမ်းဆီးရမိတာလို့ သိရပါတယ်။

လက်ရှိမှာ တားမြစ်အရက်တွေနဲ့ ဖမ်းမိသူကို ထုတ်ကုန်/သွင်းကုန် ဥပဒေအရ ဆမီးမြို့ AA တပ်ဖွဲ့က အရေးယူနိုင်ဖို့ လုပ်ဆောင်ရွက်နေကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်တဲ့ မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပြည်ပ၊ ပြည်မ ထုတ်အရက်နဲ့ မူးယစ်ကုန်တွေအပါဝင် စီးကရက်တွေကို ရောင်းချခွင့် ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရိုးရာဆန်အရက်နဲ့ ရခိုင်ဒေသထုတ် ဝိုင်အချို့ကိုသာ အာရက္ခတပ်တော်က ရောင်းချခွင့်ပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013