Home
မြန်မာသတင်း
AA ထိန်းချုပ်ဒေသရှိ ရခိုင်ပြည်သူများ စစ်သင်တန်းမဖြစ်မနေ တက်ရမည် 
DVB
·
March 24, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဒေသခံပြည်သူတွေကို အဓမ္မ စစ်မှုထမ်းခေါ်ဆောင်တာမရှိပေမဲ့ ပြည်သူ့စစ်သင်တန်းကတော့ မဖြစ်မနေ တက်ရောက်ရမယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ဒေသခံပြည်သူတွေကို မိမိကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ မိမိရပ်ရွာလုံခြုံရေး ကာကွယ်နိုင်ဖို့အတွက် အခုလို ပြည်သူ့စစ်သင်တန်းပေးနေတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တအိမ်ထောင်မှာ လူတယောက်နှုန်းနဲ့ အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းနဲ့ အမျိုးသား အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိကို AA က ၄၅ ရက်တာ စစ်သင်တန်းပေးနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့ အန္တရာယ်ရှိနေတာ ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်သင်တန်းကို မဖြစ်မနေ တက်ရောက်သင့်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ AA အနေနဲ့ စစ်သင်တန်းတက်ရောက်ဖို့  အတင်းအကျပ် ခေါ်ယူတာတွေ မရှိတော့ဘူးလို AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

“မိသားစုကို လုပ်ကျွေးနေတဲ့သူဆိုရင်တော့ ခြွင်းချက်အနေနဲ့ စဉ်းစားပေးတာတွေ ရှိပါတယ်။ အဆင်ပြေတဲ့အချိန် ပြန်တက်ပေါ့။ အတင်းကြီးတော့ သိပ်မလုပ်တော့ပါဘူး။ အရင်တခေါက်တုန်းကတော့ အတင်းလုပ်သလို ဖြစ်သွားတော့ သတင်းဌာနတွေမှာ တက်လာတယ်။ ဒါကြောင့် ခုတော့ တင်းတင်းကျပ်ကျပ် လုပ်တာတွေ မတွေ့ရတော့ပါဘူး။ မတက်လို့တော့ မရပါဘူး။ မိသားစု သုံး လေးယောက် ရှိတယ်။ တယောက်မှ မတက်ဘူး။ မဝင်ချင်ဘူး ဆိုရင်တော့ မရပါဘူး။ အဲဒီလူတွေတော့ တက်ကိုတက်ရပါမယ်။ ဒီနေရာမှာက တခြားအကြမ်းဖက်အဖွဲ့တွေ ရှိတယ်လေ။ ARSA တို့၊ RSO တို့ရန်က ကာကွယ်ဖို့ လူငယ်တွေက မဖြစ်မနေတက်ဖို့ လိုတယ်လေ။ ဒါက အမျိုးသားရေးစိတ်ဓာတ်နဲ့ကို ဝင်ရမှာပါ။ အခု စစ်သင်တန်းတက်တဲ့သူတွေက စစ်တိုက်ရမှာ မဟုတ်ဘူးလေ။ ဒီနယ်စပ်မှာ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ပဲ ထားတာလေ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလမှာတော့  မောင်တောမြိုနယ်၊ ခုံတိုင်ကျေးရွာမှာ မြိုလူမျိုး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁၅ ယောက်ကို AA က စစ်သင်တန်းတက်ရောက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေကြားမှာ စစ်မှုထမ်းခေါ်ဆောင်ခံရမှာနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ များနေတာကြောင့် ရှောင်တိမ်းနေထိုင်သူတွေလည်း ရှိနေပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ဘူးသီးတောင်၊ မောင်တောဒေသက အရပ်သား ပြည်သူတွေကို မွတ်ဆလင်အကြမ်းဖက်အဖွဲတွေက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် သတ်ဖြတ်မခံရဖို့နဲ့ သူတိုရဲ့ကျေးရွာတွေကို ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အခြေခံလုံခြုံရေး အသိပညာပေးသင်တန်းတွေ ပေးနေတာပါလို့ ဒေသတွင်းမီဒီယာတွေမှာ ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒေသတွင်း အကြမ်းဖက်အဖွဲ့တွေ ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် အာရက္ခတပ်တော်အနေနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ စစ်သင်တန်းပေးကိုပေးရမယ်ဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒေသတွင်းစစ်ရှောင်ကူညီပေးနေသူ ဆရာဝေဟင်အောင်က “စစ်သင်တန်းကတော့ ပေးရမယ် မောင်တောဘက်မှာ ပိုပြီးပေးရမယ်။ ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်အုပ်စုဟာ အချိန်မရွေး အကြမ်းဖက်ဘက်ကို ရွှေ့ပြောင်းသွားနိုင်တဲ့ လက္ခဏာရပ်တွေ မြင်နေရတယ်။ ပြီးတော့ ရှေ့မှာလည်း မကြာခဏ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ အပိုင်းတွေလည်း အများကြီးရှိတယ်။ ၂၀၁၆/၁၇ ကပဲဖြစ်ဖြစ်၊ ဒေသခံတွေကို သတ်ဖြတ်ခဲ့တာဖြစ်ဖြစ် ဖြစ်နေခဲ့တဲ့အတွက်ကြောင့် ဒီဟာကို ကြိုတင်ကာကွယ်ဖို့ဆိုရင် အဲဒီဘက်မှာရှိတဲ့ ရပ်ရွာတိုင်းက လုံခြုံရေးသတိ အမြဲရှိနေဖိုလိုပါတယ်။ ဒါကြောင့် စစ်သင်တန်းက ပေးကိုပေးရပါမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ARSA အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ကုန်သည်တွေနဲ့ အရပ်သားသေဆုံးသူ အယောက် ၂၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၃၀ ကျော်ရှိကာ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၅ ယောက်ထက်မနည်းရှိပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013