Home
နိုင်ငံတကာ
ဗြိတိန်ဝန်ကြီးချုပ်၏ ယူကရိန်း အပစ်ရပ်ရေးအစီအစဉ်ကို ထရမ့်ပ်ကိုယ်စားလှယ် ပယ်ချ
DVB
·
March 24, 2025
Photo : TUCKER CARLSON NETWORK

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာရဲ့ ယူကရိန်း အပစ်အခတ်ရပ်စဲရေး အထောက်အကူပြုဖို့  နိုင်ငံတကာတပ်ဖွဲ့ ထားရှိရေး အစီအစဉ်ဟာ အပြင်ပန်း ဟန်လုပ်ပြောတာသာ ဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ်က ပယ်ချလိုက်ပါတယ်။

အဲဒီအစီအစဉ်ဟာ ဗြိတိန်ဝန်ကြီးချုပ်နဲ့ တခြားဥရောပခေါင်းဆောင်တွေရဲ့ “ကျနော်တို့အားလုံး ဝင်စတန်ချာချီလို ဖြစ်ရမယ်” ဆိုတဲ့ ရိုးရှင်းလွန်းတဲ့အတွေးအခေါ်ပေါ်မှာ အခြေခံထားတာ ဖြစ်တယ်လို့ ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်က ပြောပါတယ်။

ထရမ့်ပ် လိုလားသူလို့ ထင်ရှားတဲ့ စီစဉ်တင်ဆက်သူ တက်ကာ ကာဆန်နဲ့ အင်တာဗျူးမှာ ဝစ်ကော့ဖ်က ဗလာဒီမာပူတင်ကို ချီးကျူးပြီး ရုရှားသမ္မတကို သဘောကျတယ်လို့လည်း ပြောခဲ့ပါတယ်။

“ကျနော်က ပူတင်ကို မကောင်းတဲ့လူလို့ မယူဆပါဘူး” လို့ ဝစ်ကော့ဖ်က ပြောခဲ့သလို “သူက အင်မတန်စမတ်ကျတဲ့ ပုဂ္ဂိုလ်ပါ” လို့လည်း ချီးကျူးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ဝစ်ကော့ဖ်က ရုရှားသမ္မတဟာ ယဉ်ကျေးပျူငှာပြီး တည့်တည့်ပြောတတ်သူလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားမှု ဖြစ်ခဲ့စဉ်ကလည်း ပူတင်က ထရမ့်ပ် အတွက် ဆုတောင်းပေးခဲ့တယ်လို့ ပြောကြောင်း ဝစ်ကော့ဖ်က ပြန်ပြောပြပါတယ်။

အင်တာဗျူးမှာ ဝစ်ကော့ဖ်က ယူကရိန်းဟာ အတုအယောင်နိုင်ငံဖြစ်တယ် ဆိုတာ အပါအဝင် ရုရှားရဲ့ လေသံအတိုင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ရုရှားပိုင်နက်အဖြစ် ကမ္ဘာက ဘယ်တော့လောက် အသိအမှတ်ပြုမလဲလို့ပါ မေးခွန်းထုတ်ခဲ့ပါတယ်။

နယ်မြေ ၄ ခုမှာ ပြည်သူတွေက ရုရှားအုပ်ချုပ်မှုအောက် နေချင်တယ်လို့ လူထုဆန္ဒခံယူ အတည်ပြုပြီးပြီလို့ပါ ဝစ်ကော့ဖ်က ပြောဆိုခဲ့ပါတယ်။

တကယ်တမ်းမှာတော့ တချို့ဒေသတွေမှာပဲ ရုရှားက လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တာဖြစ်သလို ကောက်ယူတဲ့နည်းနဲ့ မဲရလဒ်ဟာလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013