
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုရပ်ဆိုင်းထားဖို့ သဘောတူညီမှု ရရှိပြီးနောက် ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက လေယာဉ်ကွင်းတခုကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်က တစိတ်တပိုင်း အပစ်ရပ်နိုင်ရေးအတွက် ကြားဝင်ဆောင်ရွက်နေစဉ်မှာ ရုရှားဒရုန်းတွေကြောင့် ယူကရိန်းပြည်တွင်းမှာလည်း အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး နောက်ထပ် ၂၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
လာမယ့်တနင်္လာနေ့အတွင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားကြား ဆွေးနွေးမှုအသစ်တွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
တချိန်တည်းမှာ ယူကရိန်းဘက်က အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အတွက် ကိုယ်စားလှယ်တွေကို စေလွှတ်ဖို့ရှိကြောင်း အတည်ပြုပါတယ်။
အဲဒီနောက် ရုရှားဘက်က စွမ်းအင်ပစ်မှတ်တွေကို တိုက်ခိုက်မှုမလုပ်တော့ဖို့ ကတိပြုထားပေမဲ့လည်း “ဘာမှမပြောင်းလဲသွားပါဘူး” ဆိုပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ရုရှားရဲ့ တောင်းဆိုချက်အတိုင်း အမေရိကန်က ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် ငြင်းပယ်မယ်ဆိုရင် သူတို့အတွက် “အကြီးစားလက်ဆောင်တခု” ဖြစ်လာလိမ့်မယ်ဆိုပြီး ထိပ်သီးဆွေးနွေးပွဲတခုမှာ ဖြည့်စွက်ပြောပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်ရဲ့ ကာကွယ်ရေးအကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ယူကရိန်းကို အကာအကွယ်မပေးထားရင် ပူတင် အနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ချိုးဖောက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဒါကြောင့် ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ “လုံခြုံရေးအစီအမံတွေ ချမှတ်ထားမှသာ ရေရှည်တည်တံ့လိမ့်မယ်” ဆိုပြီး လန်ဒန်မြို့အနီးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း ထပ်ပြောသွားပါတယ်။
အဲဒီနောက် ရုရှားနဲ့နီးစပ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန် ကလွဲရင် ဥရောပသမဂ္ဂ ခေါင်းဆောင်အားလုံးဟာ ယူကရိန်းကို စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ဆက်ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
Source : Reuters