Home
နိုင်ငံတကာ
ထရမ့်ပ် ဦးဆောင်မှုဖြင့် ယခုနှစ်အတွင်း ငြိမ်းချမ်းရေးရနိုင်ဟု ဇလန်းစကီး ပြော
DVB
·
March 20, 2025
Photo: REUTERS/Shannon Stapleton

အမေရိကနဲ့အတူ၊ သမ္မတထရမ့်ပ်နဲ့ အတူ၊ အမေရိကန် ခေါင်းဆောင်မှုအောက်မှာ ဒီနှစ်အတွင်း အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်တယ်လို့ ကျုပ်တို့ယုံကြည်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးအပြီးမှာ ဇလန်းစကီးနဲ့ တနာရီလောက် ဖုန်းကောင်းကောင်း ပြောဖြစ်ခဲ့တယ်လို့ ထရမ့်ပ်ကလည်း ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရုရှား ထိန်းချုပ်ထားတဲ့ ဇာပေါ်ရီရှား နျူကလီးယား ဓာတ်အားပေးစက်ရုံကို အမေရိကန်က ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ခြေတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ခေါင်းဆောင် ၂ ယောက်ရဲ့ ဆွေးနွေးမှုဟာ ပြီးခဲ့တဲ့ အိမ်ဖြူတော်ခရီးစဉ်နဲ့ ကွဲပြားနေခဲ့ပြီး လှိုက်လှဲပျူငှာတဲ့ပုံစံ ပြောင်းလာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြောဆိုမှုဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အချေအတင် ဖြစ်ခဲ့ကြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စကားပြောတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တွေကတော့ ရက် ၃၀ အပစ်ရပ်ရေးကိစ္စ ဆော်ဒီအာရေဗျမှာ အရင်ညှိခဲ့ကြတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ အမေရိကန်က ရက် ၃၀  အပစ်ရပ်ရေးကို အဆိုပြုခဲ့ပေမဲ့ ပူတင်ကတော့ ထရမ့်ပ်နဲ့ အင်္ဂါနေ့က ဖုန်းပြောရာမှာ ကျယ်ကျယ်ပြန့်ပြန့် အပစ်ရပ်ရေးကို ပယ်ချခဲ့ပါတယ်။

ထရမ့်ပ်နဲ့ ဆွေးနွေးရာမှာတော့ ဇလန်းစကီးက စွမ်းအင်အခြေခံအဆောက်အအုံ၊ ရထားလမ်းနဲ့ ဆိပ်ကမ်းတွေအပေါ် တိုက်ခိုက်မှုရပ်ဆိုင်းတဲ့ တစိတ်တဒေသ အပစ်ရပ်ရေးကို တံခါးဖွင့်ထားဆဲ ဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ဒါပေမဲ့ ရုရှားဘက်က ချိုးဖောက်ရင်တော့ လက်တုံ့ပြန်မယ်လို့လည်း ဇလန်းစကီးက သတိပေးပါတယ်။

ထရမ့်ပ်ကလည်း ဖုန်းဆက်သွယ်ပြောဆိုမှုတွေဟာ ယူကရိန်းနဲ့ ရုရှားရဲ့ တောင်းဆိုချက်နဲ့ လိုအပ်ချက်တွေကို ချိန်ညှိပေးဖို့ ရည်ရွယ်တယ်လို့ Truth Social မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အသေးစိတ် ကြေညာချက်တစောင်  ထုတ်ပြန်ရာမှာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရဖို့ ကူညီပေးဖို့ပါ ထရမ့်ပ်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013