Home
မြန်မာသတင်း
ဂန့်ဂေါက ဆေးခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေး၊ ဆရာဝန်နှင့် ကိုယ်ဝန်ဆောင်အပါအဝင် ၁၂ ဦးထက်မနည်း သေဆုံး
DVB
·
March 23, 2025

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက ကျေးလက်ဆေးပေးခန်းကို မတ် ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဆရာဝန်အပါအဝင် ၁၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဂန့်ဂေါခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ခရိုင်လှုပ်ရှားတပ်ရဲ့တပ်ဖွဲ့ဝင်တယောက်က “နှမ်းခါးရွာက ကျေးလက်ဆေးပေးခန်းကို ဆေးခန်းဖွင့်ပြီး ပြည်သူတွေကို ဆေးကုပေးနေတဲ့အချိန်မှာ စစ်အုပ်စုဘက်က အပြစ်မဲ့ပြည်သူကို အကြမ်းဖက်တဲ့နည်းနဲ့ AirStrike လုပ်ပြီး ဗုံးကြဲသွားတာပါ။ မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတာလို့ သိရပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ CDM ဆရာဝန်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ် ၅ ယောက်တို့အပါအဝင် သေဆုံးသူ ၁၂ ယောက်ထက်မနည်းရှိခဲ့သလို ဒဏ်ရာရခဲ့ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

နှမ်းခါးရွာဟာ မကွေး-ကလေး ကားလမ်းမကြီးဘေးမှာရှိတဲ့ အိမ်ခြေ ထောင်ကျော်ရှိခဲ့တဲ့ ရွာကြီးတရွာဖြစ်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကြောင်းတွေ ခဏခဏဝင်ပြီး ဖျက်ဆီးတာ၊ သတ်ဖြတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေလုပ်ခဲ့လို့ ရွာသားတွေ ၇၀ လောက် သေဆုံးခဲ့ရပြီး ရွာကအိမ်ခြေ ၃ ပုံ ၂ ပုံလောက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

နှမ်းခါးကျေးရွာရဲ့ရွာခံတယောက်ဖြစ်ပြီး စစ်ဘေးရှောင်တွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုးသူ က အခုလည်း တိုက်ပွဲတွေဘာတွေဖြစ်တဲ့အသံမကြားဘဲနဲ့ စစ်တပ်က ကျနော်တို့ရွာက ပြည်သူလူထုကို အကြောင်းမဲ့ဗုံးကြဲသတ်ဖြတ်ခဲ့တာပါ။ ကျနော်တို့ ရွာသားတွေကို ဆေးကုပေးနေတဲ့ ဆရာဝန်မိသားစုနဲ့ ရွာသားတွေ ၁၂ လောက် ဆုံးသွားတာတွေတင်မကဘူး၊ ဆေးပေးခန်းရော အိမ်အလုံး ၂၀ ကျော်လောက်ရော ပျက်စီးကုန်ပြန်ပြီ။ အဲဒီဗုံးကြဲခံရပြီးကတည်းက ကျနော်တို့ရွာသားတွေရော တခြားရွာသားတွေရော ထွက်ပြေးနေကြရပြန်ပြီ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်ပြီးတိုက်ခိုက်မှာစိုးရိမ်ကြတဲ့အတွက် နှမ်းခါးကျေးရွာက ပြည်သူတွေအပါအဝင် အနီးအနားကျေးရွာတွေဖြစ်ကြတဲ့ မွှေ့လယ်၊ ချောင်းခွ၊ တောင်ခရမ်း၊ သင်တော၊ ထယ်လှော် စတဲ့ကျေးရွာတွေက ထောင်ချီတဲ့ဒေသခံပြည်သူတွေဟာ မတ် ၂၂ ရက်နေ့ညနေပိုင်းအထိ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေနဲ့ထိစပ်နေတဲ့ မကွေးတိုင်း​အထက်ပိုင်းက ယောဒေသဟာ မကွေးတိုင်းအတွင်း တော်လှန်ရေးအင်အားကောင်းတဲ့ဒေသတခု ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ ယောဒေသက ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျော နဲ့ ကျောက်ထုမြို့နယ်တို့ကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားကာ လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့လည်း ဆိုပါတယ်။

ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံ ဆရာကျော် က “ယောနယ်မှာရှိကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ​လေကြောင်းရန်ကို ကာကွယ်နိုင်မယ့် ကတုတ်ကျင်းတူးတာတွေအပြင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန်သတိပေးချက်တွေကို အထူးအလေးထား လိုက်နာပေးကြဖို့ပဲ တိုက်တွန်းချင်တယ်ဗျာ” လို့ ပြောပါတယ်။

မတ် ၂၀ ရက်နေ့ကလည်း ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က လေ​ကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ Grade 12 ကျောင်းသူ ၂ ယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရှိခဲ့ကြသလို လူနေအိမ်အလုံး ၅၀ နီးပါးလည်း ပျက်စီးခဲ့ရသေးတယ်လို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

Photo: ကိုစိုးသူ (နှမ်းခါးကျေးရွာ)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013