Home
ဆောင်းပါး
နှစ်ကြာညောင်းလည်း မမေ့ကောင်းသော နွေဦးဘဝများ
DVB
·
March 22, 2025
Design: DVB

အသက် ၂၀ ကျော် လူငယ်တယောက်ဟာ ၂၀၁၆ ခုနှစ် ဝန်းကျင်လောက်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့တယ်။ ရန်ကုန်မှာ အလုပ်လုပ်နေကြတဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ အင်းစိန်မြို့  ရွာမအရှေ့ရပ်ကွက်မှာ အခန်းငှားပြီး ဟိုတယ်တခုမှာ စာပွဲးထိုးလုပ် သူ့ဘဝတက်လမ်းအတွက် ရုန်းကန်နေခဲ့တယ်။ သူငှားနေတဲ့အိမ်နဲ့ ကျနော့်အိမ်က တလမ်းထဲမှာဆိုတော့ ဒီလူငယ်နဲ့ မကြာခင်မှာပဲ ရင်းနှီးသွားတယ်။ များသောအားဖြင့် သူနဲ့ အင်းစိန်ဈေးလမ်းထဲက ကွမ်းယာဆိုင်မှာ မြင်နေ တွေ့နေကြပါပဲ။ တရက် ရန်ကုန်မြို့ထဲအသွား Y.B.S ၂၁ ကားပေါ်မှာဆုံတော့ သူ့အလုပ်အကြောင်း စပြောလာပါတယ်။ 

“ဟိုတယ်မှာ စားပွဲထိုးရတဲ့ အလုပ်ထက် ချက်ပြုတ်ပိုင်းက ဝင်ငွေပိုကောင်းတယ်ဗျ။ တခြားနေရာမှာ သွားလုပ်ရင်လည်း ဒီအလုပ်က အဆင်ပြေတယ်၊ ရွာမှာက ဒီသင်တန်းမျိုးမရှိဘူး။ ရန်ကုန်ရောက်တုန်း အားတဲ့အချိန်လေး ပြေးတက်ထားရတာ။ ဒါနဲ့ ကိုကြီးက ဘယ်မှာဆင်းမှာလဲ၊ ကျနော်က ရှေ့ဆို ရောက်ပြီ” ဆိုပြီး ပြောရင်းဆိုရင်း လက်မှာ ဖိုင်တွဲတခုကိုင်ပြီး ပန်းဆိုးတန်းမှတ်တိုင်မှာ ဆင်းသွားပါတော့တယ်။ သူ့အလုပ်က ညနေပိုင်းမှဆိုတော့ မနက်ပိုင်းကို စားဖိုမှူးသင်တန်း တက်နေတာပဲလို့ သိလိုက်ရတော့တယ်။

အရပ်ထဲမှာတော့ သူ့ကို “မောင်ကရင်” လို့ ခေါ်ကြတယ်။ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ဇာတိဖြစ်ပြီးတော့ မွေးချင်းမောင်နှမ ၃ ယောက်ထဲက အငယ်ဆုံး၊ သူ့မိဘတွေကတော့ လယ်လုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့လည်း သိရတယ်။ မောင်ကရင်ဟာ ဟိုတယ်ဝန်ထမ်း ဆိုပေမဲ့ လစာကောင်းကောင်း ရနေတာတော့ မဟုတ်ပါဘူး။ တလကို ကျပ်တသိန်းပဲ ရတာပါ။ တခါတလေ ဟိုတယ်ကိုလာတည်းတဲ့ ဧည့်သည်တွေက မုန့်ဖိုးလေး ဘာလေးပေးမှ အလွန့်အကျွံ တလကို ၁ သိန်းခွဲလောက်ရတယ်လို့ ပြောဖူးပါတယ်။ မှတ်မှတ်ရရ ရန်ကုန်မှာ ကိုဗစ်-၁၉ စဖြစ်တဲ့ ၂၀၁၉ ကတော့ မောင်ကရင် ရန်ကုန်ရောက်တာ ၃ နှစ်ရှိသွားသလို အဲဒီနှစ်မှာပဲ သူအလုပ်လုပ်နေတဲ့ ဟိုတယ်လည်း ကိုဗစ်ကပ်ဆိုးကြောင့် ပိတ်လိုက်ရတော့ မောင်ကရင်တယောက် အလုပ်လက်မဲ့ ဖြစ်သွားပါတော့တယ်။ ကိုဗစ်ကာလအတွင်းမှာ သူလုပ်နိုင်မယ့် တခြားအလုပ်တွေကလည်း ပိတ်ထားတဲ့အတွက် ပန်းတနော်သားတယောက် အင်းစိန်မြေမှာ ဝင်ငွေရဖို့ အလုပ်မျိုးစုံ၊ အချိတ်အဆက်တွေ မျိုးစုံနဲ့ လိုက်ရှာပေမဲ့ ၃ လလောက်အထိကို အလုပ်မရနိုင်သေးပါဘူး။

နံနက်ခင်းတခုမှာ ဈေးအသွား မောင်ကရင်နဲ့ တွေ့ပါတယ်။ အလုပ်ကိစ္စ ဘယ်လိုရှိလဲလို့ မေးတော့ .. “အလုပ်ကတော့ လိုက်ရှာနေတာ နေရာအစုံပဲ။ ကျနော် ဒီအတိုင်းနေလို့တော့ မရတော့ဘူး။ တခုခုလုပ်မှ ရတော့မယ်၊ အချိန်တန်ရင် အိမ်လခ၊ စားစရိတ်က ရှိသေးတယ်။ အစ်ကို့ဆီမှာ အလုပ်အဆက်အသွယ်ရှိရင်လည်း ပြောဦး” ဆိုပြီး အလုပ်မရသေးတဲ့အကြောင်း ဆိုပါတယ်။ ကိုဗစ်ကာလ ဆိုပေမဲ့ အိမ်ငှားခ၊ စားစရိတ်တွေ သက်ညှာပေးဖို့ဝေး မြင့်သထက်သာ မြင့်နေတဲ့ ရန်ကုန်မှာတော့ အလုပ်မရှိတဲ့သူတွေအတွက်‌ ကျောတခင်းစာရဖို့ နေရာမရှိလှပါဘူး။ ဒါကြောင့်လည်း မောင်ကရင်တယောက် သူ့ရပ်တည်နိုင်ရေးအတွက် ပူပင်နေတာတော့ အမှန်ပါပဲ။ လစဉ် အိမ်ငှားခနဲ့ ရေဖိုး၊ မီးဖိုးက အားလုံးပေါင်း ၅၀,၀၀၀ ကျပ် ပေးရတယ်လို့ ပြောဖူးပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတာ ၆ လထဲမှာတော့ မတတ်နိုင်တဲ့အဆုံး သူစုထားတဲ့ငွေလေးနဲ့ စက်ဘီးတစီးဝယ်လို့ ထီလိုက်ရောင်းပါတော့တယ်။ ဝင်ငွေရဖို့ကို စက်ဘီးတစီးနဲ့ တလမ်းဝင် တလမ်းထွက် အင်းစိန်မြို့က ရပ်ကွက်တိုင်းလိုလို သူခြေဆန့်ခဲ့ပါတယ်။ ထီတွေကိုတော့ ရန်ကုန်မြို့တွင်းက မိုးယံထီဆိုင်က ဝယ်ပြီး ပြန်ရောင်းနေတာပါ။ နယ်ကနေ ရန်ကုန်တက်လာတဲ့ မောင်ကရင်တယောက် စားပွဲထိုးကနေ နောက်ဆုံး ထီရောင်းသမား ဖြစ်လာပါတော့တယ်။ “သူငယ်ချင်းတယောက်က မင်း ထီလိုက်ရောင်းပါလားတဲ့၊ အဲဒါနဲ့ စက်ဘီးတစီး ဝယ်ဖြစ်လိုက်တာ။ လိုက်ရောင်းတော့ အစပိုင်းမှာ အဆင်မပြေဘူး၊ ဘယ်တတ်နိုင်မလဲ လုပ်စရာအလုပ်မှ မရှိတာ။ ဒီလိုပဲ တလမ်းဝင် တလမ်းထွက် ထီလိုက်ရောင်းရတာပေါ့” ထီရောင်းလို့ရတဲ့ ပိုက်ဆံလေးနဲ့ နေစရိတ် စားစရိတ် လည်ပတ်နေတယ်လို့ ဆိုပါတယ်။

ဖြောင့်ဖြူးလမ်းကို၊ အကြမ်းဖက်ကာ

ပိတ်လိုက်တာမို့၊ ဖွင့်ရန်တောင်းဆို

ဆန္ဒကိုပြ၊ ပစ်ခတ်ကြ၍

ရရှိဒဏ်ရာ၊ သေရာပါကို

ကူလာသူမဲ့၊ မရှိခဲ့ပါ

နှစ်တွေကြာသွား မေ့ထားကြပြီလား။

နိစ္စဓူဝ ပင်ပင်ပန်းပန်း ရုန်းကန်နေတဲ့ လူငယ်တယောက် ဘဝလမ်းအတွက် မွေးရပ်မြေကို သုံးနှစ်သုံးမိုးတိုင် စွန့်ခွာခဲ့ပြီး ကိုဗစ်ကြောင့် ဘဝကို အသစ်က ပြန်စနေရတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းမှုနဲ့ နောက်တဖန် ထပ်ကြုံရပြန်တယ်။

အာဏာသိမ်းမှုကြောင့် ရွေးစရာလမ်း မရှိတော့ဘဲ အများနည်းတူ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နွေဦးတော်လှန်ရေးမှာ မောင်ကရင်ဟာ အုတ်တချပ် သဲတပွင့် အနေနဲ့ ပါဝင်လာခဲ့ပါတော့တယ်။ ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်း စစ်တပ်က ရန်ကုန်မြို့ပေါ်မှာ လမ်းပေါ်ထွက် ဆန္ဒပြ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်း လိုက်လံဖမ်းဆီးနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ည ဖမ်းသွား မနက်ကို အလောင်းလာယူခိုင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို ခံရသူမိသားစုတွေဘက်က ဘယ်တော့မှ မေ့ပျောက်နိုင်မှာလည်း မဟုတ်ပါဘူး။

အဲ့အချိန် ရန်ကုန်က သပိတ်စခန်းတွေ ဖြိုခွင်းတဲ့နေရာမှာ နာမည်ကြီးနေတဲ့ စစ်ကောင်စီ တပ်မ ၇၇ ဟာ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးချုပ်ဝင်းထဲမှာ လာရောက်တပ်စွဲနေတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး တလအလွန်မှာတော့ မောင်ကရင်ဟာ ကြမ္မာဆိုးကြီးတခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ၂၀၂၁ မတ်လ ၁၉ ရက် ညနေပိုင်းမှာ အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးအရှေ့က အ.ထ.က (၁) စာသင်ကျောင်းရှေ့မှာ အင်းစိန်ကနေ သပိတ်စစ်ကြောင်းထွက်ဖို့ စုရပ်နေချိန် အဲဒီထဲမှာ မောင်ကရင်တို့ သူငယ်ချင်းတသိုက်လည်း ပါတယ်။ တကယ်တော့ အင်းစိန်ပြည်သူတွေက လှိုင်သာယာ ဖြိုခံရတာကြောင့် သွားဝန်းရံမယ်ဆိုပြီး အ.ထ.က (၁) ကျောင်းရှေ့ကနေ‌ ထွက်ကြဖို့ ပြင်ဆင်နေကြတာပါ။ အချိန်က ညနေ ၅ နာရီကျော်လောက် ရှိပါပြီ။ သေနတ်သံတွေ တဒိုင်းဒိုင်းနဲ့ ဝိုးဝိုးဝါးဝါး အော်ဟစ်သံတွေပါ အိမ်ကနေ ကြားနေရပါတယ်။ အဲဒီနေရာနဲ့ ကျနော့်နေအိမ်က ကားမှတ်တိုင် ၃ မှတ်တိုင်ပဲ ဝေးတာပါ။ တပ်မ ၇၇ က လှိုင်သာယာက ပင်မသပိတ်စခန်းကို ဖြိုပြီးအပြန် ကျောင်းရှေ့က လူအုပ်ကိုပါ ထပ်ဖြိုခွင်းတာပါ။ အဲဒီပစ်ခတ်မှုမှာ မောင်ကရင်ရဲ့ ညာဘက်ခြေချင်းဝတ်ကို ထိမှန်ပြီး ကျည်ဆန်က ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက် ဖောက်ထွက်သွားတာပါ။ တပ်မ ၇၇ က လူအုပ်ထဲကို သေနတ်နဲ့ ရမ်းသန်းပစ် လူစုခွဲတာမှာ အပစ်ခံလိုက်ရတာပါ။ အခင်းဖြစ်တဲ့နေရာ ကျနော်ရောက်သွားတော့ မောင်ကရင်ဟာ လမ်းဘေးမှာ လဲကျနေပြီး တကိုယ်လုံးလည်း သွေးတွေ ရွှဲလို့ပါ။သူ့သူငယ်ချင်းတွေက အင်းစိန်ဆေးရုံကို ဝိုင်းကူပို့ကြပေမဲ့ ဆေးရုံက ဒီလိုအမှုတွေကို လက်မခံဘူးဆိုတော့ ချက်ချင်းပဲ နှစ်ခြင်းခရစ်ယာန်အသင်းတော်တခုက ဖွင့်ထားတဲ့ ဆေးရုံကို အချိန်မီ ပြေးလိုက်ရပါတယ်။ 

မောင်ကရင်ကတော့ သတိလစ်နေဆဲပါ။ အသင်းတော်ဆေးရုံ ရောက်ပြီး နာရီဝက်လောက်မှာတော့ အရေးပေါ်ခွဲစိတ်ခန်းက ဆရာဝန်တယောက်က “ခြေထောက် တဖက်ကတော့ အခြေအနေမကောင်းဘူး။ ဖြတ်ပစ်မှ ရတော့မှာ။ ကောင်လေးက ငယ်သေးတော့ ခြေတဖက်တည်းနဲ့ဆို သူ့ဘဝတလျှောက် အားငယ်နေမှာလည်း ဆရာတို့က မဖြစ်စေချင်ဘူး။ အဲတော့ ဘယ်လိုသဘောရကြလဲ။ မဖြတ်ဘဲနဲ့ စတီးချောင်းထည့်ပြီး နေသွားမလား” ပြောလာတော့ သူ့သူငယ်ချင်းတွေက အဆင်ပြေသလို အကောင်းဆုံးဖြစ်အောင် ဆရာဝန်တို့ ဆုံးဖြတ်တဲ့အတိုင်း လုပ်ပါလို့ အဆိုပြုချက်ကို အားလုံးက သဘောတူခဲ့ကြပါတယ်။ ဆရာဝန်တွေက ကျည်ထိမှန်တဲ့ ခြေကို ဖြတ်ထုတ်ဖို့ ကနေဦး ဆုံးဖြတ်ထားကြပေမဲ့ နောက်ပိုင်းမှာတော့ စတီးချောင်းထည့်ကာ အတတ်နိုင်ဆုံး ကုသပေးနိုင်ခဲ့ကြပြီး အဲဒီဆေးရုံမှာ ၁၀ ရက်ဝန်းကျင် ကုသခဲ့ရပါတယ်။ ဆေးရုံဆင်းတော့လည်း သူမသေဘူးဆိုတာကို သူနေတဲ့ ရပ်ကွက်ထဲက ဒလန်တွေ သိနေလို့ အဲဒီရပ်ကွက်မှာ မနေတော့ဘဲ အင်းစိန်မြို့နယ်ထဲက ကျောင်းတကျောင်းမှာပဲ နေဖို့ အကျိုးအကြောင်းပြော အကူအညီတောင်းပြီး ဆေးဆက်ကုနေခဲ့ပါတယ်။ သူ အရေးပေါ် ဆေးကုနေတဲ့အချိန်မှာ အဖွဲ့အစည်းတခုက ဆေးရုံစရိတ်အတွက် လာရောက် ထောက်ပံ့ ပေးသွားခဲ့ပါတယ်။ သိရသလောက် အဲဒီနောက်ပိုင်းမှာ ဘယ်အဖွဲ့အစည်းကမှ ကူညီ ထောက်ပံ့တာမျိုး၊ ဆက်သွယ်မေးမြန်းတာမျိုးတွေ မရှိတော့ပါဘူး။

ကျောင်းမှာနေတာ ၆ လ ကျော်လာပြီး နောက်ပိုင်း သူ့ကို အဲဒီမှာ ဆက်မထားနိုင်တော့တဲ့အကြောင်း ကျောင်းအကြီးအကဲတွေက ပြောလာပါတယ်။ ဒီလိုနဲ့ မောင်ကရင်ဟာ အင်းစိန်ကနေ လှိုင်သာယာဘက်က အသိတယောက်ခြံမှာ သွားနေလိုက်တယ်လို့ သူငယ်ချင်းတယောက်ဆီက သိရတာပါ။ အဲဒီကတည်းကပဲ မောင်ကရင်နဲ့ ဖုန်းအဆက်အသွယ် မရတော့သလို သူ့အကြောင်းလည်း သိခွင့်မရှိတော့ပါဘူး။ နွေဦးတော်လှန်ရေးကာလ ၄ နှစ်ကျော် အကြာမှာတော့ မောင်ကရင်ဟာ ခြေထောက်တဖက် ခြေအတုနဲ့ ရန်ကုန်မြို့တွင်းက စားသောက်ဆိုင်တဆိုင်မှာ ချက်ပြုတ်ရေးအကူ အလုပ်ရနေပြီလို့ မောင်ကရင် ဖုန်းဆက်လာပါတယ်။

 “ကျနော် စားသောက်ဆိုင် တဆိုင်မှာ အလုပ်ရနေပြီ၊ သိပ်တော့မကြာသေးဘူး။ လပိုင်းပဲရှိသေးတာ၊ ကျနော် ကိုကြီးနဲ့လည်း တွေ့ချင်တယ်၊ စကားတွေလည်း ပြောချင်တယ်” လို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ တချက်ချက် ပြောဖြစ်ကြတာကလွဲလို့ လူချင်းတော့ မတွေ့ဖြစ်သေးပါဘူး။ “ကျနော် ဒုက္ခိတနဲ့ တော်တော်ကို ဒုက္ခတွေ ရောက်ခဲ့တယ်။ ရွာကိုလည်း ပြန်လို့မဖြစ်ဘူး။ ကျနော့်အကြောင်းလည်း အိမ်က သိသွားပြီ။ ဒီကြားထဲ တဦးတယောက်ဆီကမှ အကူအညီ မရခဲ့ဘူး။ ဘယ်ကို ဆက်သွယ် အကူအညီတောင်းရမလဲလို့လည်း မသိဘူး။ ကျနော့်လို ဖြစ်သွားကြတဲ့သူတွေလည်း ဒီလိုပဲ နေမှာပဲလေ၊ ကျနော်တယောက်တည်းမှ မဟုတ်တာ။ သေသွားတဲ့သူတွေတောင် အများကြီးပဲ။ ကိုယ့်ဟာကိုယ်ပဲ အားကိုးရတာပေါ့” လို့ ဖေ့စ်ဘွတ်ခ်ကနေ သူ ရင်ဖွင့်ခဲ့ပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်အလွန် မကြာသေးခင်ကတော့ မောင်ကရင်တယောက် ပုံမှန်မဟုတ်တော့တဲ့ ခြေတဖက်က ဒဏ်ရာကြောင့် တနှစ်လောက်ပဲ အလုပ်လုပ်နိုင်ခဲ့ပြီး နောက်ပိုင်း စားသောက်ဆိုင်အလုပ်ကို ဆက်မလုပ်နိုင်တော့ပါဘူး။ အလုပ်ရှင်ဘက်ကလည်း သူ့အခြေအနေကို သတိထားမိပုံ ရပါတယ်။ အခုတော့ သူလုပ်နိုင်မယ့် ပေါ့ပေါ့ပါးပါး အလုပ်တခုခုကို ထပ်မျှော်လင့်နေရင်း ရွာကို မပြန်ချင်သေးဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ရင် ဝင်ငွေရတဲ့ တဖက်နိုင်ငံကိုလည်း သွားချင်တယ်၊ အဆက်အသွယ်ရှိရင် ကိုကြီး ကူညီပါလားတဲ့။ သူ့စာကို ဖတ်ပြီး စိတ်ထဲတော့ မကောင်းဘူး။ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလက လမ်းပေါ်ထွက်ခဲ့တဲ့ လူငယ်တွေ မြို့နယ်တိုင်းလိုလို ရှိခဲ့သလို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသူတွေ အရပ်ရပ်တိုင်းမှာ ရှိပါတယ်။ တဖက်မှာလည်း စစ်တပ်က လမ်းပေါ်ထွက် ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းလို့ အသက်မသေဘဲ တဘဝစာ ပျက်စီးပျက်သုဉ်းသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့ဘဝတွေဟာ ကြာရင် မေ့ပျောက်သွားသင့်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။    ။

ငြိမ်းဇော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024