
ဥရောပရဲ့ နောက်ဆုံးအာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ မြန်မာမှာ တတိယအာဏာရှင်ဖြစ်ဖို့ ဇောချွေးပျံနေတဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီး မတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်မယ့်အချိန်ကို မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ စစ်အာဏာရှင်တွေကြောင့် စုတ်ချာနေတဲ့ သေးသေးကွေးကွေး မြန်မာကနေ လေယာဉ်အကြာကြီးစီး၊ ရုရှားသမ္မတပူတင်ကို ဘုရားသခင်ပမာ ဂါရဝပြု၊ ဘီလာရုစ်နိုင်ငံသို့ ဆက်ချီပြီးကာမှ စစ်ကောင်စီရွေးကောက်ပွဲကို ၂၀၁၅ အကုန် ဒါမှမဟုတ် နောက်နှစ်ဆန်းမှာ ပြုလုပ်မယ်လို့ မင်းအောင်လှိုင် ထုတ်ပြောခဲ့ခြင်းက ကြိုတင်ရည်ရွယ်ထားမှုမရှိဘဲ ဘီလာရုစ် ရောက်ပြီးမှ စိတ်ကြီးဝင်ကာ ပြောခဲ့တာများလားလို့ သံသယဖြစ်စရာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်တဦး အနေနဲ့ တူတူတန်တန် နေရာပေးဆက်ဆံတာဆိုလို့ ရုရှားနဲ့ ဘီလာရုစ် နှစ်နိုင်ငံသာရှိပါတယ်။ မတ်လ ၃ ရက်ကနေ ၉ ရက်အထိ မင်းအောင်လှိုင်ရဲ့ ရုရှား၊ ဘီလာရုစ် ခရီးစဉ်မှာ အဲဒီ ၂ နိုင်ငံစလုံးက ရွေးကောက်ပွဲကိုလည်းထောက်ခံ၊ ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့တွေလည်း စေလွှတ်သွားမယ်လို့ ပြောကြား၊ ရုရှားနဲ့ စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၀ ခုကျော် လက်မှတ်ရေးထိုးခဲ့တဲ့အပြင် ရုရှားသမ္မတ ပူတင်ကို ဆည်းကပ်လိုပါကြောင်း ထုတ်ဖော်ပြသခွင့်လည်း ရခဲ့တာကြောင့် ပျော်ရ။ မင်းအောင်လှိုင် အတွက် ဗော့ကာအရက်နဲ့ ရဲဆေးတင်ပေးလိုက်သလိုမျိုး။ အထူးသဖြင့် ဘီလာရုစ်အာဏာရှင် လူကာရှန်ကိုနဲ့ တွေ့ဆုံချိန်မှာ ညစ်ပတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ ရွေးကောက်ခံသမ္မတဘွဲ့ခံ လူကာရှန်ကိုက မြှောက်ထိုး ပင့်ကော်လုပ်တာကြောင့် မြောက်တက်သွားကာ ကောက်ကာငင်ကာ ရွေးကောက်ပွဲအချိန် ထုတ်ပြောလိုက်တာများလားလို့ အတွေးပွားရင် သိပ်မမှားနိုင်ပါဘူး။
မင်းအောင်လှိုင် အနေနဲ့ ဘီလာရုစ်ရောက်ရင် ရွေးကောက်ပွဲအချိန် ထုတ်ပြောမယ်လို့ ကြိုတင်စီစဉ်ခဲ့တာပဲဖြစ်ဖြစ်၊ ဘီလာရုစ်ရောက်မှ သွေးနားထင်ရောက်ပြီး ထုတ်ပြောခဲ့တာပဲဖြစ်ဖြစ် ဘီလာရုစ်လိုနိုင်ငံမျိုးမှာထုတ်ပြောခဲ့ခြင်းဟာ ဘီလာရုစ်အာဏာရှင် လူကာရှန်ကိုလို ညစ်နည်းမျိုးစုံနဲ့ ရွေးကောက်ခံသမ္မတဖြစ်အောင် လုပ်မယ့်အကြောင်း ကမ္ဘာကို ထုတ်ဖော်ပြောကြားခဲ့သလိုပါပဲ။
ဘာလို့လဲဆိုတော့ လူကာရှန်ကိုရဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ရွေးကောက်ခံသမ္မတ သက်တမ်းမှာ ပထမဆုံးအကြိမ် သမ္မတဖြစ်ခဲ့တဲ့ ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲတကြိမ်သာ လွတ်လပ်မျှတမှု ရှိခဲ့ကြောင်း နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ကြလို့ပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း မဲပြတ်အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က အဖြေထုတ်ပေးလိုက်ပေမဲ့ ပြည်သူတွေက လက်မခံနိုင်လို့ လမ်းမပေါ်တက် ဆန္ဒပြကန့်ကွက်၊ လူကာရှန်ကိုကတော့ အေးဆေးပါပဲ။ လက်ဖျောက်တချက်တီးလိုက်ရုံနဲ့ သူ့ရဲ့လက်ပါးစေ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ကာ ပြည်သူ့ဆန္ဒ ပြည်သူ့သွေးတွေနဲ့ပဲ ဆေးပစ်ခဲ့ပါတယ်။
လူကာရှန်ကို အစိုးရဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ပျော်ပျော်ကြီး ဖိနှိပ်တယ်။ မီဒီယာကို ချုပ်ကိုင်တယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေကို ထောင်ထဲပို့တယ်။ လျှို့ဝှက်ရဲတွေနဲ့ အစိုးရဆန့်ကျင်သူတွေကို စောင့်ကြည့်တာအပြင် လျှို့ဝှက် လက်စဖျောက်ပစ်တာမျိုးတွေလည်း ရှိကြောင်း စွပ်စွဲခံရတယ်။
၁၉၉၄ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ရွေးကောက်ပွဲတိုင်းမှာ ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ သူချည်း ရွေးကောက်ခံသမ္မတကြီးအဖြစ် အနိုင်ရနေလေတော့ အမေရိကန်နဲ့ အီးယူတို့က လူကာရှန်ကို ကို သမ္မတအဖြစ် အသိအမှတ်မပြုကြပါဘူး။ အနောက်ကမ္ဘာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘီလာရုစ် အာဏာရှင်ဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံကို ရိုကျိုးစွာ ဦးခိုက်ကာ ရုရှားအထောက်အပံ့တွေနဲ့ ကြံ့ကြံ့ခံ အာခံနေဆဲ ဖြစ်တယ်။
ဆိုတော့ လူကာရှန်ကိုဟာ မျက်နှာပြောင်ရဲရင် ရာသက်ပန် ရွေးကောက်ခံသမ္မတအဖြစ် အာဏာရူးနိုင်ကြောင်းနဲ့ ရုရှားမှာ ပူတင် အာဏာမြဲသရွေ့ လူကာရှန်ကိုလည်း သမ္မတထိုင်ခုံ မြဲနေမှာဖြစ်ကြောင်း မင်းအောင်လှိုင်နဲ့ တွေ့ချိန်မှာ လက်ချာရိုက်ကာ အစွမ်းကုန်ကူညီမယ်လို့လည်း ပြောကြားခဲ့ပုံပါ။
စိတ်ကြီးဝင်နေတဲ့ မင်းအောင်လှိုင်ဟာ ရုရှားနဲ့ ဘီလာရုစ်ကအပြန် လေယာဉ်ပေါ်မှာတင် မီဒီယာတွေနဲ့ တွေ့ဆုံခြင်းလို့ ခေါင်းစဉ်တပ်ကာ အခုလို ငေါက်ငမ်းတော့တယ်။ “ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေနဲ့၊ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်”။ “EAO တွေကိုလည်း ကျနော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာတွေ မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲ ပြောဖို့ကောင်းတယ်” လို့လည်း မင်းအောင်လှိုင်က ဆိုတယ်။
အဲဒီနောက် မတ်လ ၁၁ ရက်၊ မင်းအောင်လှိုင်နဲ့ တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး တရုတ် ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က မှန်ခဲ့ရင် မင်းအောင်လှိုင် အပေါ်လေမိနေလောက်တယ်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲအချိန်ဇယား ပြောလာတဲ့အထိ အတင့်ရဲလာချိန်မှာ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ ပြောခဲ့တဲ့ အာဆီယံကရော ဘယ်လိုတွေ တုံ့ပြန်လာပါသလဲ။
အာဆီယံရဲ့ ထုံးစံအတိုင်း ဘုံတူညီတဲ့အသံတသံထွက်ဖို့ ရက်ပေါင်းရှည်ကြာ အဖြေညှိကြဦးမှာပါပဲ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက မြန်မာ့အရေး အာဆီယံ အထူးသံတမန်အဖြစ် မစ္စတာ အော့သ် မန်ဟာရှင်ကို ခန့်အပ်ခဲ့ပြီးနောက် အာဆီယံအထူးသံဟာ ဖေဖော်ဝါရီ ၆ ရက်မှာ နေပြည်တော်ကို သွားရောက်ခဲ့ကြောင်း သတင်းတချို့က ဖော်ပြခဲ့ပေမဲ့ စစ်ကောင်စီဘက်က သတင်းတစတောင် မထုတ်ပြန်ဘဲ အမှောင်ချခဲ့ပါတယ်။ အထူးသံနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်မှာလည်း မှတ်တမ်းဓာတ်ပုံတောင် ဖော်ပြထားခြင်း မရှိပါဘူး။
အဲဒါကိုကြည့်လိုက်ရင် အထူးသံရဲ့ နေပြည်တော်ခရီးစဉ်ကို စစ်ကောင်စီက မကောင်းတတ်လို့ လက်ခံခဲ့ခြင်းသာဖြစ်ပြီး ဒီခရီးစဉ်အပေါ် လုံးဝအသိအမှတ်မပြုကြောင်း ပေါ်လွင်နေပါတယ်။ အာဆီယံ ဝက်ဘ်ဆိုဒ်မှာလည်း အထူးသံရဲ့ ခရီးစဉ်ကို ဖော်ပြထားခြင်းမရှိတာကြောင့် ရလဒ်သုည၊ ဇာတ်လမ်းက ဒီမှာတင် လမ်းဆုံးပြီဖြစ်ကြောင်း ဆက်တွေးရမလိုပါပဲ။
အခု မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအချိန် ထုတ်ဖော်ပြောကြားလိုက်ခြင်းဟာ နိုင်ငံတကာ အသိုက်အဝန်းက တဖွဖွထောက်ခံနေတဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ပြန်လမ်းမဲ့ ဆုတ်ဖြဲပစ်လိုက်ခြင်းပါပဲ။
ရွေးကောက်ပွဲအချိန်ကို မင်းအောင်လှိုင် ပြောလိုက်ချိန်မှာ (ရွေးကောက်ပွဲ တကယ်ဖြစ်၊ မဖြစ်က ထား) ရုရှား၊ ဘီလာရုစ်နဲ့ တရုတ်တို့က ထောက်ခံကူညီသွားမှာဖြစ်ကြောင်း ချက်ချင်းဆိုသလို ထုတ်ဖော်ပြောကြားခဲ့တာ မှတ်သားစရာပါ။
စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံတဲ့ နိုင်ငံတကာအသိုက်အဝန်းနဲ့ အာဆီယံကတော့ ရွေးကောက်ပွဲဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေအပေါ် လက်တွေ့ကျတဲ့ အကူအညီပေးဖို့ဝေးစွ၊ ကြေညာချက်ထုတ် ကန့်ကွက်မှုမျိုးတောင် မရှိသေးတာလည်း မြန်မာပြည်သူတွေအတွက် အဆန်းတကြယ်ကိစ္စတော့ မဟုတ်တော့ပါဘူး။
လင်းဆက်ငြိမ်းချမ်း