
နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုမရှိဘဲ သာယာဝပြောတဲ့ဘဝတွေကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
နေပြည်တော်ရှိ MICC 2 မှာ မတ် ၂၁ ရက်က ပြုလုပ်တဲ့ ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
စစ်ခေါင်းဆောင်က “စည်းလုံးညီညွတ်မှု မရှိသမျှ ကာလပတ်လုံး ဘယ်လိုစီးပွားရေးလုပ်လုပ်၊ ဘယ်လိုနိုင်ငံရေးစနစ် လုပ်လုပ်၊ ဘယ်လိုလူမှုရေးစနစ်မျိုးလုပ်လုပ် သာယာဝပြောတဲ့ဘဝကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ပထဝီအနေအထားအရ ကြည့်လိုက်ရင် မြန်မာနိုင်ငံဟာ ဆုံချက်အနေအထားမှာရှိနေပြီး သဘာဝသယံဇာတ ပေါကြွယ်မှုတွေ ရှိနေတာကြောင့် ဒီလိုအရေးပါမှုတွေကို အရာရောက်အောင် လုပ်နိုင်မယ်ဆိုရင် တန်ဖိုးရှိလာလိမ့်မယ်” လို့ ပြောပါတယ်။
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့က ပူးပေါင်းစီစဉ် ကျင်းပတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြည်တွင်းက နိုင်ငံရေး၊ စီးပွားရေးပညာရှင်တွေနဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ထိုင်း၊ နီပေါ၊ ဂျပန်၊ အီတလီ စတဲ့နိုင်ငံတွေက ပညာရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။