
အထွေထွေရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်း ပြုလုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ပြည်သူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မတ် ၁၆ ရက်က နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သဘင်ဆောင်မှာ ပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုတယ်” လို့ ပြောပါတယ်။
အထွေထွေရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာမှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်သွားမယ့်အကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာ မဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကို သိမ်းပိုက်ထားပြီး တနိုင်ငံလုံးရဲ့ ဧရိယာ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားကာ မြန်မာတနိုင်ငံလုံးမှာ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့တာပါ။ ဒီအခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲက တရားမျှတမှာ မဟုတ်ဘူးလို့လည်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။နေပြည်တော် အခမ်းအနားမှာတော့ စစ်ခေါင်းဆောင်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေ ဖြစ်တဲ့ စည်သူဘွဲ့ရရှိသူ ၁၃ ယောက်၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့တွေ ဖြစ်တဲ့ သူရဘွဲ့ရရှိသူ ၃ ယောက်၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွေဖြစ်တဲ့ ဇေယျကျော်ထင်ဘွဲ့ ရရှိသူ ၁၇ ယောက်၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ၁၄ ယောက်၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ တယောက်နဲ့ သိပ္ပကျော်စွာဘွဲ့ရရှိသူ ၂ ယောက်တို့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။