
အာဏာသိမ်းစစ်ကောင်စီက အတင်းအကျပ် ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးတော့ မကူညီကြဖို့ နိုင်ငံတကာ အစိုးရတွေကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မတ် ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ယုတ္တိမဲ့၊ မဖြစ်နိုင်တဲ့ အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဖော်ပြထားကာ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ နည်းပညာပံ့ပိုးမှုဆိုင်ရာ တောင်းဆိုမှုတွေကို ငြင်းပယ်သင့်တယ်လို့ ပြောလိုက်တာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့အကြောင်း ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ ပြောထားခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၅၃ ခုက စာရင်းတင်သွင်းထားပြီး ဖြစ်သလို ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်သွားမယ့်အကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
HRW အဖွဲ့ကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တိုင်းပြည်ကို လုံလောက်အောင် မထိန်းချုပ်ထားနိုင်ဘူးလို့ ပြောထားသလို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကလည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ စစ်မှုထမ်းတပ်သားသစ် စုဆောင်းရေးတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ လုံခြုံရေးအခြေအနေအရ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ ကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာတော့ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့်မို့ စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒီရွေးကောက်ပွဲကို အတုအယောင် လိမ်လည်မှုလို့ ခေါ်ဆိုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို HRW အဖွဲ့က တိုက်တွန်းထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ အပါအဝင် အာရှဒေသတွင်းက သက်ဆိုင်ရာ အစိုးရတွေကလည်း စစ်ရေးအရ ချုပ်ကိုင်မှုကို တရားဝင်စေဖို့ သာ လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက တိုက်တွန်းထားပါတယ်။