Home
မြန်မာသတင်း
အေဂျင်စီများ တလလျှင် လုပ်သား ၅၀ သာအလုပ်ခေါ်စာတင်ရန် စစ်ကောင်စီကန့်သတ်
DVB
·
March 22, 2025

ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့ တလကို အလုပ်သမား အယောက် ၅၀ အတွက်ပဲ အလုပ်ခေါ်စာ တင်ခွင့်ပေးတော့မယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်ပကိုအလုပ်သမားစေလွှတ်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာကနေ မတ် ၂၂ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး ထိုင်းနိုင်ငံဆီ စေလွှတ်မယ့် အေဂျင်စီတွေအတွက် လုပ်ငန်းစဉ်အသစ်တွေကို  အသိပေးလာတာဖြစ်ပါတယ်။

အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကိုလုပ်သားစေလွှတ်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက် မတိုင်မီက စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်ခေါ်စာတွေမှာ လူဦးရေ ၅၀ ဦးထက်ပိုရင် အဲဒီအလုပ်ခေါ်စာတွေကို ၅၀ ဦးနဲ့ ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ပြင်ဆင်ထားတဲ့အလုပ်ခေါ်စာကို  မတ် ၂၅ ရက်ကစလို့တင်ပြရမှာဖြစ်ပြီး အေဂျင်စီတခုကို တလ ၁ ကြိမ်ပဲ တင်ပြရမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအတွက်အလုပ်ခေါ်စာအသစ်တင်ပြတာကိုတော့ မေ ၂ ရက်ကစပြီး လက်ခံဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ကနဦးအနေနဲ့ ထိုင်းနိုင်ငံကိုစေလွှတ်ဖို့အတွက် လုပ်ငန်းစဉ်ကိုအသိပေးတာဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ မလေးရှားနဲ့ တခြားနိုင်ငံတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ဒီလိုကန့်သတ်လိုက်တော့ စေလွှတ်ရေးမှာ နှောင့်နှေးသွားစရာရှိတယ်။ အလုပ်သမားတွေအနေနဲ့ ထွက်ခွင့်ရဖို့ စောင့်ဆိုင်းရချိန်တွေကြာနိုင်တယ်။ အေဂျင်စီတွေကြားမှာလည်း အလုပ်ခေါ်စာ အစားထိုး အရောင်းအဝယ်စျေးကွက် ထပ်ပေါ်လာဖို့ရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်အတွက် အေဂျင်စီအလိုက် လူဦးရေကန့်သတ်ဖို့ရှိတယ် ဆိုတဲ့သတင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထွက်ပေါ်ခဲ့သလို အမှန်တကယ် အကောင်အထည်ဖော်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၆၀၀ ကျော်ရှိပြီး အများစုက ထိုင်းနိုင်ငံဆီ စေလွှတ်ခွင့် လိုင်စင်ပါပူးတွဲရယူထားကြတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013