Home
မြန်မာသတင်း
အလုပ်သမား ၅၆၀၀၀ ကျော်၏ လွှဲပို့ငွေနှင့်ပတ်သက်ပြီး အေဂျင်စီများကို စစ်ဆေးမည် 
DVB
·
December 10, 2024

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက မေလကနေ သြဂုတ်လအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လွှဲပို့ငွေနဲ့ပတ်သက်လို့ စစ်ဆေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ကြေညာပါတယ်။ 

မေလကနေ သြဂုတ်လအထိ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ ခုက အလုပ်သမား ၅၆,၈၆၀ ယောက်ကို စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအလုပ်သမားစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေကို ဒီဇင်ဘာ ၁၆ ရက်ကစပြီး တရက် အေဂျင်စီ ၅၀ ခုနူန်းနဲ့ ရန်ကုန်တိုင်းဒေသကြီးရုံးမှာ စစ်ဆေးသွားမှာဖြစ်လို့ မပျက်မကွက်စိစစ်မူခံသွားဖို့ သတိပေးထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ဇန်နဝါရီကနေ ဧပြီအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထားကို စုပေါင်းတင်ပြခဲ့ရပြီး အခုဒုတိယအကြိမ် စစ်ဆေးခံရမှာလည်း ဖြစ်ပါတယ်။ 

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က  “ကိုယ်တွေဆိုလည်း လေးလတာမှာ အလုပ်သမား ၂၀၀ ကျော်လောက်ပို့ခဲ့တာ။ အဲဒီလူအကုန်လုံးဆီက အထောက်အထားပြန်ရဖို့က မဖြစ်နိုင်ဘူးလေ။ ရသလောက်စာရင်းပဲ ပေးရမှာ၊ မတတ်နိုင်ဘူး” လို့ ပြောပါတယ်။  

စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်လွှဲပို့ဖို့ ညွှန်ကြားထားပြီး ငွေလွှဲပို့အောင် ကြပ်မတ်ဆောင်ရွက်ဖို့အတွက် အေဂျင်စီတွေကို ဖိအားပေးထားတာဖြစ်ပါတယ်။ 

အေဂျင်စီတွေအနေနဲ့ ၄ လစာ တပေါင်းတည်း စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထားတင်ပြရသလို စက်တင်ဘာလကစပြီး လစဥ်စေလွှတ်တဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေအထောက်အထားကိုလည်း စစ်ကောင်စီဆီ ပေးပို့နေရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က ပြောပါတယ်။ 

“စာရင်းမပို့ရင် ဒဏ်ကြေးလည်း ဆောင်ရတယ်။ အလုပ်ခေါ်စာတင်ခွင့်လည်း ပိတ်တယ်။ အဲဒီလို အရေးယူခံထားရတဲ့ အေဂျင်စီတွေလည်း မနည်းဘူး။” အေဂျင်စီတချို့အနေနဲ့ အရေးယူမခံရစေဖို့အတွက် အလုပ်သမားကိုယ်စား ငွေလွှဲစာရင်းပြပြီး ဖြေရှင်းနေရတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013