
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအနောက်ဘက် မရမ်းကျင်းရွာအနီးမှာ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မတ် ၁၉ ရက် စစ်ကောင်စီ စစ်ကြောင်းက ပုသိမ် - သာပေါင်း ကားလမ်းပေါ်ရှိ ကြက်သွန်ကွင်းကျေးရွာလမ်းဆုံ အရောက်မှာ ပြန်လည်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကြက်သွန်ကွင်းရွာအနီးမှာ ခံစစ်ပြင်ထားပြီး စစ်ကြောင်းထိုးနေတဲ့တပ်နဲ့ တွေ့ပြီး ၅ ယောက်လုံး ပြန်အဖမ်းခံရတာ။ စစ်ကြောင်းမှူးနဲ့အဖွဲ့က ဖမ်းပြီး ပြေးလာတဲ့ဆီ ပြန်လွှတ်တယ်လို့ သိရတယ်။ ထွက်ပြေးတဲ့ကိစ္စတွေကလည်း ကျယ်ပြန့်နေတော့ သတင်းဖုံးတဲ့သဘောရှိတယ်” လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးလာပြီး ပြန်အဖမ်းခံရတဲ့ တပ်သားတွေဟာ စစ်မှုထမ်းတပ်သားတွေ မဟုတ်ဘဲ ရန်ကုန်ကနေ စစ်ကူအပို့ခံရတဲ့ တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်သားမိသားစုဝင်တယောက်က “စစ်မတိုက်ချင်တော့ဘူးလေ၊ အဲ့တော့ ပြေးတယ်ဆိုတာက စစ်မှုထမ်းတပ်သားတွေရယ် မဟုတ်တော့ဘူး အခြေအနေရတာနဲ့ အကုန်ပြေးနေကြတာ။ မလွတ်တော့ ကံဆိုးတာပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့အစပ် သာပေါင်းမြို့နယ်ထဲက သာပေါင်းလေးရွာ၊ ကမွန်းချဉ်ကုန်း၊ မရမ်းကျင်းကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။
Photo : Min Min